DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၁၀,၀၀၀ ခန့် အလုပ်ဆုံးရှုံးနိုင်
ဝေဝေ
·
October 20, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ ၆ ရုံဟာ အခု အောက်တိုဘာလအတွင်း ပိတ်သိမ်းဖို့ ပြင်ဆင်နေပြီး အလုပ်သမား ၁၀,၀၀၀ ဝန်းကျင် အလုပ်အကိုင် ဆုံးရှုံးနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ ထုတ်ပြန်ချက်နဲ့ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြည်ပအော်ဒါကျဆင်းတာအပြင် ကုန်ကြမ်းတင်သွင်းမှုဆိုင်ရာ မူဝါဒနဲ့ လျှပ်စစ်မီး မလုံလောက်မှု တွေကလည်း စက်ရုံပိတ်သိမ်းရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေက ပြောပါတယ်။

စက်ရုံပိတ်သိမ်းမှုတွေကြောင့် အလုပ်လက်မဲ့ ဖြစ်လာနိုင်တဲ့ အလုပ်သမားတွေရဲ့ နစ်နာကြေးနဲ့ အခွင့်အရေးတွေအတွက်လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အထည်ချုပ်စက်ရုံတွေ လူအင်အားအရ ဆိုရင်တော့ လူ ၅,၀၀၀ လောက် အလုပ်လုပ်နေတဲ့ စက်ရုံတရုံ ပါတယ်။ ကျန်တဲ့စက်ရုံတွေက လူ ၁,၀၀၀ ဝန်းကျင်လောက်နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေပေါ့နော်။  ဒီစက်ရုံ ၆ ရုံပိတ်မယ် ဆိုပြီးတော့မှ တချို့စက်ရုံတွေဆိုရင် Notice စပြီး ပေးတာတွေ ရှိတယ်။ တချို့စက်ရုံတွေဆိုရင် စပြီးတော့မှ လူအင်အား လျှော့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ Notice မှာ ပေးထားတာကတော့ အထည်အော်ဒါမရလို့ ဆိုပြီးတော့ ပါလာတာပေါ့လေ။ ဒါပေမဲ့ တဖက်က ကြည့်ရင်တော့ သွင်းကုန်ဆိုင်ရာမူဝါဒတွေ မတည်ငြိမ်တာ၊ နောက်တခုကတော့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ အခက်အခဲပေါ့နော်။ နောက်တခုကတော့ ဒေါ်လာဈေးနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ့။ ဒါတွေက တော်တော်လေးကို အတွင်းထဲမှာ လှိုက်စားနေတဲ့ ပြဿနာလို့ ပြောရမှာဖြစ်ပါတယ်။ လက်ရှိပေါ့လေ ဒီအလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက်ကိုတော့ တခြား လုပ်ကိုင် ခွင့်လမ်းတွေ ဖန်တီးပေးနိုင်တဲ့ အခြေအနေကတော့ မရှိဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းဆိုရင် အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်လောက်က အလုပ်လက်မဲ့ ဖြစ်မှာ သေချာတယ်ခင်ဗျ” လို့ ပြောပါတယ်။

အဲဒီစက်ရုံတွေထဲမှာ မှော်ဘီမြို့နယ်က အလုပ်သမား ၅,၀၀၀ ဝန်းကျင်ရှိတဲ့ အထည်ချုပ်စက်ရုံ အပါအဝင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်နဲ့ မင်္ဂလာဒုံစက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ စက်ရုံတွေလည်း ပိတ်သိမ်းဖို့ သတိပေးစာ ရရှိထားကြောင်းနဲ့ တချို့စက်ရုံတွေဆို အလုပ်သမားလျှော့ချမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ MICS-TUsF ကနေ သိရပါတယ်။

MICS-TUsF ကတော့ စက်ရုံပိတ်သိမ်းတဲ့အခါ အလုပ်သမားတွေရဲ့ မူလလုပ်သက်အတိုင်း မှန်ကန်စွာ တွက်ချက်ပြီး နစ်နာကြေးပေးဖို့ တိုက်တွန်းထားပါတယ်။

အလုပ်ရပ်စဲမဲ့အကြောင်း ကြိုတင်အကြောင်းကြားမှု မရှိဘူး ဆိုရင်လည်း သက်ဆိုင်ရာ ဥပဒေအရ ရရှိနိုင်တဲ့ နို့တစ်ကြေး အပါအဝင် အလုပ်သမားရပိုင်ခွင့်တွေ မဆုံးရှုံးစေဖို့ လိုက်ပါကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အထည်ချုပ်လုပ်ငန်းတချို့ ပိတ်သိမ်းထွက်ခွာသွားရင်တောင် ဆက်လက်လည်ပတ်နေဦးမဲ့ အထည်ချုပ်စက်ရုံတွေ ရှိနေနိုင်မှာဖြစ်ကြောင်းကိုတော့ အလုပ်သမားရေး လေ့လာဆောင်ရွက်နေသူတယောက်က မှတ်ချက်ပြုပါတယ်။

“အခက်အခဲတွေတော့ တွေ့လိမ့်မယ်။ ရုတ်တရက်ပိတ်သိမ်းတာ ဆိုတော့ ဆိုးဆိုးဝါးဝါး ကြုံတွေ့ရတာမျိုးတော့ ရှိနိုင်တယ်။ ဒါပေမဲ့ ရေရှည်မှာတော့ အလုပ်ရှင်တွေလည်း သူတို့ရဲ့ market ကို သူတို့ ရှာကြမှာပါ။ ကျနော့်အနေနဲ့တော့ ဒီလိုမြင်တယ်ပေါ့နော်။ ကျနော်တို့ ကြားရသလောက် ဂျပန်ဘက်ကနေ အော်ဒါတချို့ ပြန်ပြီးတော့ ချုပ်ခိုင်းချင်တဲ့ ဆန္ဒတွေ ရှိနေတယ်။ မေးမြန်းစုံစမ်းတာတွေလည်း ရှိတယ်ပေါ့နော်။ အဲလို မမျှော်လင့်တဲ့နိုင်ငံတွေကလည်း လာအပ်တာမျိုးတွေလည်း ကမ်းလှမ်းတာမျိုးတွေလည်း ရှိနေတယ်ပေါ့။ အခက်အခဲတွေကတော့ တလတန်သည် နှစ်လတန်သည်တော့ ရှိသွားနိုင်တယ်၊ ဒီအလုပ်သမားတွေအတွက်ပေါ့နော်။ စားဝတ်နေရေး ကျပ်တည်းတာမျိုးတော့ ကြုံနိုင်တယ်။ ဒါပေမဲ့ အထည်ချုပ်လောကမှာလေ လုပ်သားဈေးကွက်ကြီးက အကြီးကြီးရှိနေတယ်။ အလုပ်သမားဆိုရင် လာခဲ့၊ နေရာရှိတယ် ဘာညာ ဆိုပြီး အကြီးအကျယ်ခေါ်တာတွေ ရှိနေသေးတယ်၊ ခုချိန်ထိရှိတယ်။”

အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၁၀,၀၀၀ ဝန်းကျင် အလုပ်လက်မဲ့ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး STUM က အောက်တိုဘာ ၁၉ ရက်မှာ ရှင်းလင်းချက်ထုတ်ပြန်ရာမှာတော့ သာဓုကန်စက်မှုဇုန်ရှိ Sunrise စက်ရုံပိတ်သိမ်းမှုအတွက်သာ အကူအညီတောင်းခံထားပြီး တခြားစက်ရုံတွေနဲ့ပတ်သက်တဲ့ ခိုင်လုံတဲ့အချက်အလက် မရရှိသေးဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ - STUM က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ကနေ ၆၀၀ နီးပါးအထိ လုပ်ငန်းလည်ပတ်နေပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) အဖွဲ့ဝင် စက်ရုံ ၅၀၀ ကျော် ပါဝင်တယ်လို့ ၂၀၂၆ အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013