DVB Logo
Home
မြန်မာသတင်း
သရက်ထောင်ကို PDF ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်သဖြင့် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့် 
DVB
·
June 12, 2024
သရက်ထောင်ကို PDF ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်သဖြင့် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့် 
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်မှာရှိတဲ့ သရက်အကျဉ်းထောင်ကို PDF တွေ လာရောက် တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်၀င်းထဲ ကတုတ်ကျင်းတွေ တူးပြီး စောင့်နေကြကာ  ထောင်အဝင်အထွက်တွေကိုလည်း တင်းကျပ် စစ်ဆေးနေတယ်လို့  ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ထောင်ဝင်းထဲ ကတုတ်ကျင်းတွေကို  ပြီးခဲ့တဲ့ မေလ ၂၇ ရက်လောက်ကတည်းက  စတူးကြတာလို့  သရက်ထောင်ဝန်ထမ်းတယောက်က ပြောပါတယ်။

“ထောင်အုတ်ရိုး အပြင်ဘက်ကို ဘက်ဟိုးနဲ့ တူးတာ တနေကုန်ပဲ၊ ညဘက်တွေအထိပါ တူးကြတာ။ အရေးကြီးတဲ့ပုံစံနဲ့။ ထောင်အုတ်ရိုးပတ်ပတ်လည်ပဲ ပထမတော့ အဆောက်အဦ တခုခု လုပ်မယ် မှတ်နေတာ။ နောက် ဇွန်လ ၉ ရက် ၁၀ ရက်လောက်မှာ စစ်ကောင်စီတပ်သားတွေ  ထောင်မှာလာတပ်စွဲပြီး  နေရာယူပြီး စောင့်တော့တာပဲ။ မိုးတွင်းဆိုတော့ အဲဒီကတုတ်ကျင်းတွေက ရေတွေဝင်ပြီး ရေထဲမှာပဲ ရေလွတ်အောင်လုပ်ပြီး သေနတ်တွေနဲ့ စောင့်နေကြတာ။ သူတို့က အ၀င်အထွက်တွေတော့ မစစ်ဆေးပါဘူး။ တပ်စွဲထားတဲ့ ပုံစံပါပဲ။ လိုအပ်ရင် မျှော်စင်မှာ နေရယူမယ်လို့ ပြောတာပဲ။ ထောင်ပိုင် ပြောတာကတော့ PDF တွေ လာတိုက်မှာစိုးလို့ အခုလို လုပ်တာလို့ ပြောတာပဲ။ သွားလည်း မမေးရဲပါဘူး။ ထောင်ပတ်ဝန်းကျင်းမှာလည်း စကစတပ်သားတွေ ချထားတယ်။”

လတ်တလောမှာတော့ ထောင်ပတ်၀န်းကျင်မှာ (ကပစ-၁၂) စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်လောက် အလှည့်နဲ့ ကင်းစောင့်ခိုင်းပြီး သူတို့ကို ထောင်ဓမ္မာရုံမှာ နေရာချထားပေးကာ စစ်တပ်သုံး Faw ကားတစီးပါ အမြဲရပ်ထားတယ်လို့ ထောင်၀င်စာတွေ့ပြီး ပြန်လာသူ တယောက်က ပြောပါတယ်။

ထောင်၀င်စာ လာတွေ့သူတွေကိုလည်း တယ်လီဖုန်းတွေ သိမ်းတာနဲ့ အရင်ထက် ပိုမိုစစ်ဆေးတာတွေ လုပ်နေသလို ထောင်ဝန်ထမ်းတွေကိုပါ ထောင်ထဲကို ဖုန်းယူခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013