DVB Logo
Home
မြန်မာသတင်း
ပင်လောင်းနှင့်ဖယ်ခုံ စစ်ရှောင်စခန်းအချို့ရေမြုပ်၊ ဗုံးကြဲခံရသဖြင့် ကန်ပက်လက်စစ်ရှောင် ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ
DVB
·
June 12, 2024
ပင်လောင်းနှင့်ဖယ်ခုံ စစ်ရှောင်စခန်းအချို့ရေမြုပ်၊ ဗုံးကြဲခံရသဖြင့် ကန်ပက်လက်စစ်ရှောင် ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ တောင်ဘက်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ မိုးဆက်တိုက် ရွာသွန်းနေသောကြောင့် မြေနိမ့်ပိုင်းရှိ စစ်ရှောင်စခန်းတွေ ရေမြုပ်ကုန်တယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။

အဲဒီဒေသမှာ မေ ၂၆ ရက်ကတည်းက မိုးစတင်ရွာနေတာဖြစ်ပြီး ဒီနေ့အထိ နေ့စဉ် ရွာသွန်းနေတာကြောင့် မြေနိမ့်ပိုင်းရှိ စစ်ရှောင်တဲတွေ ရေမြုပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တဦးက “ရေကြီးတော့ တခြားလူတွေနဲ့ ပေါင်းနေနေရတာ။ ကျမတို့အိပ်နေတဲ့တဲဆို မိုးကာကလည်း မလုံတော့ ညဘက် မိုးရေကျတော့ အိပ်တောင်မပျော်ဘူး။ နေထိုင်တာ၊ အိပ်တာ၊ ချက်ပြုတ်တာ အစ အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်ရှောင်ကူညီသူတဦးက “ဂိတ်တွေမှာလည်း မိုးကာတွေ ပစ္စည်းတွေ သယ်ခွင့်မရတာ ၆ လလောက်ရှိနေပြီ။ ဒီဘက် ထပ်ဝယ်ဖို့လည်း အဆင်မပြေကြတော့ ဒီတိုင်းပဲ အဆင်ပြေအောင် နေနေကြရတာ။ မိုးက ဖွဲဖွဲနဲ့ရွာလိုက် ကြီးလိုက်နဲ့ မတိတ်တော့ဘူး၊ မြေနိမ့်ပိုင်းနေသူတွေ အကုန်ရေမြုပ်ကုန်တာ။ ပစ္စည်းတွေ၊ ဆန်တွေလည်း ပျက်စီးသွားတယ်။ တချို့က ထပ်ပြောင်းရတာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တဲတွေအပြင် တချို့ မြေနိမ့်ပိုင်းရှိ လမ်းတွေလည်း ရေမြုပ်လို့ သွားလာရေးလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရှောင် စုစုပေါင်း ၂၀,၀၀၀ ကျော် တောထဲ တောင်ထဲ၊ ဂူထဲနဲ့ တောင်ယာခြံထဲမှာ တိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်အများစုမှာ ပင်လောင်းတောင်ဘက်၊ ဆောင်းပြောင်းရွာအနောက်ဘက်၊ ဖယ်ခုံအင်းအရှေ့ဘက်နဲ့ ဖယ်ခုံမြို့ အနောက်ဘက်တို့မှာ အများဆုံး နေကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၁ ရက် နေ့လယ် ၁ နာရီမှာ ကန်ပက်လက်မြို့နယ်အတွင်း ကျင်ဒွေးစစ်ရှောင်တွေ ထားရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် စစ်ဘေးရှောင်အဘွားတဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကန်ပက်လက်စစ်ဘေးရှောင်တွေကို အကူအညီပေးသူတဦးက ပြောပါတယ်။

“ကျင်ဒွေးစစ်ဘေးရှောင် ပြည်သူတွေကို ထားတဲ့နေရာကို တိုက်လေယာဥ်နဲ့ ဗုံးကြဲခံရလို့ စစ်ရှောင်ထဲက တဦးသေဆုံး၊ ဒဏ်ရာရ ၄ ဦးရှိတယ်။ အဆောက်အဦနဲ့ ရိက္ခာတွေ အကုန်ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့အထဲက အမျိုးသားတဦးက ခြေထောက်ထိပြီး စိုးရိမ်ရတယ်။” 

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ အနီးဝန်းကျင်ကျေးရွာက လူနေအိမ် ၇ လုံး၊ ဝန်ထမ်းအိမ်ရာ ၄ လုံး၊ စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်း နယ်မြေရှင်းလင်းရေးတွေ မပြီးဆုံးသေးတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်မပြန်ရသေးတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013