DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် ပင်လည်ဘူးက အိမ်များကို စစ်တပ် မီးရှို့၊ ရေစကြိုတိုက်ပွဲ၌ PDF ၄ ဦး ကျဆုံး၊ ကမ္မရဲ ၁ ဦး အလင်းဝင်
DVB
·
June 11, 2024
မုံရွာနှင့် ပင်လည်ဘူးက အိမ်များကို စစ်တပ် မီးရှို့၊ ရေစကြိုတိုက်ပွဲ၌ PDF ၄ ဦး ကျဆုံး၊ ကမ္မရဲ ၁ ဦး အလင်းဝင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ အ.ထ.က ကျောင်းရှေ့က အိမ်တွေကို စစ်တပ်က ဇွန် ၉ ရက် မနက် ၁၁ နာရီမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ကျနော်တို့ မီးခိုးတွေတက်လာတာကို မြင်ရတာကတော့ အ.ထ.က ကျောင်းရှေ့ မြို့မရပ်ကွက်က အိမ်တွေ ဖြစ်မယ်‌‌။ မြေပြင်မှာ တိုက်ပွဲကတော့ ဖြစ်‌နေတယ်။ ကျန်တဲ့ စစ်ရေးအကြောင်းကတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မပြောတတ်ဘူး” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းက စတင်ကာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ ၁၀ ရက်ကြာ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ကာ ဒေသခံနေအိမ်တွေပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ပင်လည်ဘူး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အရပ်သားတွေကတော့ စစ်ရှောင်နေကြရတာဟာ နှစ်ပေါက်နေပြီ။ အခု မြို့ကို မီးရှို့တာကလည်း သူတို့ စစ်ရှုံးလို့” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့မှာ မေလဆန်းပိုင်းက စပြီး စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဇွန် ၁၀ ရက်အထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ကာ စစ်ရေးအခြေအနေတွေကို သက်ဆိုင်ရာ စစ်ဒေသက ထုတ်ပြန်သွားမယ်လို့လည်း ပင်လည်ဘူး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက‌‌ ဆိုပါတယ်။

ပင်လည်ဘူးမြို့ဟာ ရပ်ကွက် ၂ ခုရှိပြီး စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးကာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် မြို့ပျက်ကြီးအလား ဖြစ်နေပြီလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ထနောင်းတော(မြောက်)ကျေးရွာကိုလည်း ဇွန် ၁၀ ရက် မနက် ၅ နာရီ ဝန်းကျင်မှာ စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက “မိုးလင်းခါစ မနက်အစောကြီး ရှိသေးတယ်။ စစ်သား ၅၀ ကျော်လောက် သေနတ်တွေ ဖောက်ပြီး ရွာထဲဝင်လာတယ်။ ရွာလယ်ကောင်လောက်က အိမ် ၂ လုံးကို မီးရှို့တယ်။ ဘေးကအိမ် ၁ လုံးကိုလည်း မီးကူးပြီး လောင်ကုန်တယ်။ မီးလောင်သွားတာ ၃ လုံးပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထနောင်းတော(မြောက်)ကျေးရွာထဲမှာ ၂ နာရီးနီးပါး ကြာအောင်  မီးရှို့ဖျက်ဆီးပြီးမှ ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုလာတဲ့ ကောင်တွေက မအူဂိတ်မှာ ထိုင်တဲ့ကောင်တွေ။ ဒီဘက်နယ်မှာ အခုတလော ဘာတိုက်ပွဲမှ မရှိဘူး” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းကလည်း မုံရွာမြို့နယ်ထဲက ထနောင်းတော (တောင်)နဲ့ ထနောင်းတော(မြောက်)ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁ ဦးတို့ကို ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုနစ်ပင်ကျေးရွာအနီးမှာ ဇွန် ၉ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၄ ဦးကျဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “‌ေ–းအင်အားက များတယ်။ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ PDF ကင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမှာ PDF ဘက်က ၄ ယောက်ကျဆုံးပြီး လက်နက်တွေလည်း ပါသွားတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ PDF ကင်းအဖွဲ့ဘက်က ၄ ဦး ကျဆုံးခဲ့ရပြီး ကျန်တဲ့ PDF ရဲဘော်တွေကတော့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “စစ်တပ်စစ်ကြောင်းက ခုနစ်ပင်ရွာနားမှာရှိနေပြီး ပတ်ဝန်းကျင်ကရွာတွေကို စစ်ကြောင်းထိုးမယ့်ပုံ ပေါ်တယ်။ ခုနစ်ပင်ရွာက ရွာသားတွေတော့ ရွာလုံးကျွတ်နီးပါးလောက် ထွက်ပြေးကုန်ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချယ်နယ်တွေမှာလည်း ခုနစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး PDF အလောင်း ၄ လောင်းနဲ့ သေနတ် ၄ လက် ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့က ရဲတပ်သားတဦးဟာ ဇွန် ၂ ရက် မနက်ပိုင်းမှာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက “ကမ္မမြို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖြန့်ဝေရေးရုံးမှာ တပ်စွဲနေတဲ့အထဲက ရဲတပ်ဖွဲ့ဝင် တပ်သားအဆင့်ရှိတဲ့သူ တဦး လက်နက်နဲ့အတူ အလင်းဝင်လာတာ” လို့ DVB ကို ပြောပါတယ်။

Photo - ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားဟာ BA 93 (U Zi) သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်အတောင့် ၅၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

“သူ့ကို ဂုဏ်ပြုဆု​ငွေ ချီးမြှင့်ပေးလိုက်ပြီး ဘေးကင်းတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013