DVB Logo
Home
ဆောင်းပါး
ပြည်သူဝေးဝေးရှောင်ရတဲ့ ဒလမြို့က ဗိုလ်မှူးမင်းအောင်တပည့် လူမိုက်အုပ်ချုပ်ရေးမှူး 
DVB
·
June 11, 2024
ပြည်သူဝေးဝေးရှောင်ရတဲ့ ဒလမြို့က ဗိုလ်မှူးမင်းအောင်တပည့် လူမိုက်အုပ်ချုပ်ရေးမှူး 
Donate to DVB

ရန်ကုန်တဘက်ကမ်း ဒလမြို့နယ်မှာ ညဘက် အလုပ်ပြန်နောက်ကျတဲ့ ပြည်သူတွေကို  စစ်ကောင်စီလက်ပါးစေ မြို့နယ်ရုံးနဲ့ ရပ်ကွက်ရုံးမှာ ခေါ်ယူရိုက်နှက်ပြီး အဓမ္မငွေတောင်းတဲ့ ဗိုလ်မှူးမင်းအောင်နဲ့ မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုးနဲ့ အဖွဲ့ကို မြို့ခံအများစုက ခပ်ဝေးဝေး ရှောင်ကြပါတယ်။

ညမထွက်ရအမိန့် ပြောင်းလဲထုတ်ပြန်ထားတဲ့ ဒလမြို့နယ်မှာ အိမ်အပြန်နောက်ကျသူတွေကို ဗိုလ်မှူးမင်းအောင်နဲ့ အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုးနဲ့အဖွဲ့က မကြာခဏ ရိုက်နှက်တာကြောင့် အိမ်အပြန်နောက်ကျမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ ကသစ်ကုန်းကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် ညမထွက်ရအမိန့် ပြောင်းလဲခဲ့သလို ဆိုင်ကယ်၊ ဘေးတွဲ၊ ဘက်ထရီစက်ဘီးတွေပါ လုံးဝစီးနင်းခွင့်မပြုဘူးလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“ကွမ်းခြံကုန်းမှာ အုပ်ချုပ်ရေးမှူးတွေ ပစ်ခံရပြီး မာရှယ်လော ထပ်တိုးထုတ်ဖို့ လိုက်အော်တာတောင် စစ်တပ်က သေနတ်ငါးချက်လောက် ဖောက်တယ်။ ဒလမှာ ဝန်ထမ်းတွေလည်း စီးလို့မရဘူး။ ဆိုင်ကယ်ကိစ္စနဲ့ ရပ်မိရပ်ဖတွေက အသနားခံသေးတယ်။ ဗိုလ်မှူးမင်းအောင်က ခါးကြားကသေနတ်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ သူဆိုလိုချင်တဲ့ သဘောက စီးရဲရင် စီးကြည့်၊ ပစ်မယ်ဆိုတဲ့ သဘောမျိုး။”

ဗိုလ်မှူးမင်းအောင် ဆိုသူဟာ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်က ဒလမြို့နယ် ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းရာမှာ ပါဝင်သူတဦးဖြစ်သလို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှာ အဖွဲ့ဝင်တဦး ဖြစ်ပြီး ငွေရှာတတ်သူ၊ လူကြီးတွေနဲ့ပေါင်းကာ နေရာရအောင် ကြိုးစားသူတဦးလည်း ဖြစ်တယ်လို့ တွံတေးခရိုင်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မင်းအောင်က ငွေရှာတဲ့နေရာ အရမ်းတော်တာ။ မြေကွက်ကိစ္စတွေ၊ လိုင်းကြေးကိစ္စတွေနဲ့တောင် ဒလမှာ အိမ်တွေ ခြံတွေ မြေတွေ ဝယ်ပြီးပြီ။ အရက်ဆိုင်၊ ဘီယာဆိုင် ပိုင်တယ်။ နိုင်ငံရေးသမားတွေ ဖမ်းတယ်၊ ငွေညှစ်မယ်၊ အိမ်ချိပ်ပိတ်မယ်၊ အဲဒါတွေအာလုံးကို လုပ်ပေးနေတာက မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုး။”

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်မှာ စစ်တပ်အာဏာသိမ်းပြီးချိန် အုပ်ချုပ်ရေးမှူး ဦးတင်ရှိန် တာဝန်က အနားယူလိုက်လို့ စစ်တပ်သတင်းပေး၊ မူးယစ်ဆေးရောင်းဝယ်သူ ထွန်းထွန်းစိုး အုပ်ချုပ်ရေးမှူး ဖြစ်လာတာပါ။

ဒလမြို့နယ်မှာ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်က ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၅ ဦးသေဆုံးပြီး ၁၁၆ ဦး ဒဏ်ရာရခဲ့ကာ ကျန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို  မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုးနဲ့ အဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဖြစ်ပြီးနောက် မှော်စက်ရပ်ကွက်ရုံးကို အခိုင်အမာတည်ဆောက်ကာ ဗိုလ်မှူးမင်းအောင်နဲ့အဖွဲ့ကို ခေါ်ယူပြီး ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်၊ အဆောင်ပိုင်ရှင်၊ နှစ်လုံး သုံးလုံး၊ မူးယစ်ဆေးဝါးရောင်းချသူများထံမှ လိုင်းကြေးငွေ ယူပေးတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အိမ်ရှေ့မှာ အဖီလေးဆွဲတာတောင် မရဘူး၊ ငါးသောင်း တသိန်း တောင်းတာ။ နှစ်လုံး သုံးလုံး ဆေးသမား အကုန် စစ်တပ်ကို လိုင်းကြေးပေးရတယ်။ ထွန်းထွန်းစိုးတပည့်တွေ တောင်းပေးတာ။”

အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီး ဝေဖန်တာ၊ တိုင်စာပို့တာတွေ ကြားသိရပါက ထွန်းထွန်းစိုး တပည့်တွေက အဆိုပါ တိုင်ကြားသူကို ကျိုးပဲ့ ဒဏ်ရာရတဲ့အထိ ရိုက်နှက်တယ်လို့ မျက်မြင်ကြုံခဲ့သူတဦးက ပြောပါတယ်။

“အဲဒီရုံးထဲမှာပဲ နိုင်ငံရေးသမားတွေ စစ်ဆေးရင်း သေတာရှိတယ်။ လင်မယားချင်း ရန်ဖြစ်လို့ သွားတိုင်တာ၊ သူ့တပည့်တွေ ဝိုင်းရိုက်တာ အောက်ပိုင်းသေသွားတဲ့အထိ ရှိတယ်။ အာ့ကြောင့် မတိုင်ရဘူး၊ မပြောရဲဘူး၊ သူမွေးထားတဲ့ လူမိုက်တွေက အိမ်အပေါ်အထိ တက်ရိုက်တာ။”

မှော်စက်ရပ်ကွက်မှာ ထွန်းထွန်းစိုး အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့အခါ ရပ်ကွက်အတွင်း အမှုဆင်ဖမ်းကာ နေအိမ်တွေကို အောက်စျေးနဲ့ဝယ်ယူ သိမ်းဆည်းပြီး ဗိုလ်မှူးမင်းအောင် ကလည်း မှော်စက်ရပ်ကွက်အတွင်းမှာပင် ပေ ၈၀ × ၆၀ မြေကွက်ကို ခြံခတ်ထားတယ်လို့ အမည်မဖော်လိုသူတဦးက DVB ကို ပြောပါတယ်။

“အခု ထွန်းထွန်းစိုးနေတဲ့အိမ်က ၂ လုံးရောင်းတဲ့အိမ်။ အဲ့အိမ်က မိသားစုကို ဖမ်းပြီးတော့ အိမ်ကို အောက်စျေးနဲ့ဝယ်ပြီး ပြန်ဆောက်နေတာ။ ရပ်ကွက်ရုံးနဲ့ကပ်လျက်မှာ ပေ ၈၀ x ၆၀ ခြံစည်းရိုးခတ်ထားတဲ့ မြေကွက်ရှိတယ်၊ ဗိုလ်မှူးမင်းအောင် မြေကွက်။”

ဗိုလ်မှူးမင်းအောင်ဟာ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနဲ့ ဝိဓူရလမ်းကြားမှာ နေထိုင်သူတွေကို ကျူးကျော်တွေအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းရာမှာ ထွန်းထွန်းစိုးနဲ့ လူမိုက်တွေက ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောင်းရွှေ့လာသူတဦးက ပြောပါတယ်။

“ဗိုလ်မှူးက မြို့တော်ခန်းမနဲ့ ပေါင်းပြီး လုပ်ငန်းရှင်နဲ့ ဂရန်ထုတ်တယ်။ မပြောင်းတဲ့သူတွေကို လူမိုက်တွေနဲ့ ပြောင်းခိုင်းတယ်။ အိမ်သုံးဆယ်ကျော်လောက် ပြောင်းလိုက်ရတယ်။”

ဒီလို အနိုင်ကျင့် စော်ကားမှုတွေကို ရပ်ကွက်နေသူတွေက တိုင်ကြားပေမဲ့ ဌာနဆိုင်ရာက တိုင်စာဖျောက်ပေးပြီး လူမိုက်တွေနဲ့ပါ အသက်အန္တရာယ် ခြိမ်းခြောက်လို့ အိမ်ပြောင်းပြေးရသူတွေလည်း ရှိပါတယ်။

အာဏာသိမ်း ၃ နှစ်အတွင်းမှာ နေစရာမရှိလို့ ဘုန်းကြီးကျောင်းကပ်နေရတဲ့ အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုးဟာ ဗိုလ်တထောင်၊ တိုက်ကြီးနဲ့ လှည်းကူးမြို့မှာ မြေကွက်တွေဝယ်ယူထားပြီး အပြင်သွားတဲ့အခါမှာ ကားနှစ်စီးနဲ့ လူမိုက်တပည့်တွေနဲ့ သွားလာနေသလို ခေါင်းကိုင်ဖခင်ကြီး ဗိုလ်မှူးမင်အောင်မှာလည်း ဒလမြို့ လူချမ်းသာစာရင်းဝင်တဦး ဖြစ်ခဲ့ပါတယ်။

ဒလဘက်ရောက်ရင် ဒလမြို့ခံတွေကတော့ “မင်းအောင် ထွန်းထွန်းစိုး ဒီနာမည်ကြားရင် ရှောင်” ဆိုတာချည်းပဲ။

မြင့်မြတ်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013