Home
မြန်မာသတင်း
စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းများကို တုံ့ပြန်ရန် ပြင်ဆင်နေဟု NUG ဝန်ကြီးပြော 
DVB
·
June 11, 2024

စစ်ကောင်စီရဲ့ ကင်းထောက်ဒရုန်းတွေကို ပြန်လည်တုံ့ပြန်ဖို့ ဂျမ်ဘာတွေနဲ့ ဒရုန်း Guard တွေကို စတင်ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။

အညာဒေသ ၁၂ မြို့နယ်မှာ ဒေါ်လာ ၂ သိန်းကျော်ဖိုး အင်တာနက်တပ်ဆင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ထားပြီး ဆက်လက်တိုးချဲ့သွားမယ်လို့လည်းပြောပါတယ်။ 

တော်လှန်ရေးအင်အားစုတွေက နေပြည်တော်ကို ဘက်ပေါင်းစုံကနေဦးတည်တိုက် ခိုက်ဖို့ကြိုးစားလာချိန်မှာ စစ်ကောင်စီကလည်း နည်းပညာမြင့်ဒရုန်းတွေနဲ့ ကင်းထောက်လုပ်ငန်းကို အားစိုက်ဆောင်ရွက်နေတာပါ။

မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း နေရာစုံမှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့  ဝန်ကြီးဦးရည်မွန်က မေလထဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က မန္တလေးနဲ့ နေပြည်တော်မကျရေးအတွက် စစ်သားအင်အား တိုးမြှင့်ချထားတာ၊ နည်းပညာမြင့်ဒရုန်းတွေအသုံးပြုပြီး ကင်းထောက်တာ၊ ဆက်သွယ်သွားလာရေး လမ်းကြောင်းတွေကို အလုံးစုံထိန်းချုပ်နိုင်ရေးအင်အားသုံးလာတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ကိုင်း-မန္တလေးဒေသခံ PDF တွေကပြောပါတယ်။

NUG ဝန်ကြီး ဦးထင်လင်းအောင်က “သူတို့ဘက်က ဗျူဟာပြောင်းလာတဲ့အလျှောက် သူတို့ကို ထောက်ပံ့နေတဲ့နိုင်ငံတွေ ရှိတာပေါ့ဗျာ။ အဲဒီနိုင်ငံတွေဘက်ကနေပြီးတော့ UAV တွေ ဒရုန်းတွေ တိုက်ခိုက်ရေးဒရုန်းတွေကို ဝယ်လို့ရတယ်လို့ ကျနော်တို့ ကြားမိတယ်။ ဒရုန်းတွေနဲ့ သူတို့ ကင်းထောက်တာတွေ သုံးတာတွေ၊ ဒါ့အပြင် ဗုံးကြဲတာတွေကအစ သူတို့ ဒရုန်းကို အသုံးပြုပြီးတော့ တိုက်ပွဲကို နွှဲလာတယ်လို့ တန်ပြန်တိုက်စစ်လုပ်လာတယ်လို့ ကျနော်တို့က ယူဆတယ်ပေါ့။ လေယာဉ်တို့ဆိုတာတွေက ပိုက်လော့တွေ လိုမယ်၊ လေယာဉ်ကွင်း လေယာဉ်ဆီတွေ လိုမယ် အစရှိသဖြင့် လိုအပ်ချက်တွေများသလို တိတိကျကျချနိုင်တဲ့ နေရာမှာတော့ ဒရုန်းကိုမမီတဲ့ဟာမျိုးဆိုတော့ သူတို့လည်း ဒရုန်းကို ပိုသုံးလာတယ်လို့ ကျနော်တို့က ယူဆတယ်။ ဒရုန်း Guard တွေ အခုက လိုပြီပေါ့နော်၊ ဂျမ်ဘာတွေ လိုမယ်၊ ထို့အတူ PDF တွေ ကျနော်တို့ရဲ့ Local အဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေကို ဒရုန်းနဲ့ ကင်းထောက်တာတွေ ဗုံးကြဲတာတွေ မလုပ်နိုင်အောင် ဒရုန်း Guard တွေ သို့မဟုတ် ဂျမ်ဘာတွေကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ပေးထားနိုင်ဖို့လည်း လိုအပ်နေတဲ့ အနေအထားတော့ ဖြစ်နေပြီ။ ဘတ်ဂျက်ကိုလည်း ကျနော်တို့က ပြန်ကြည့်ရတဲ့အခါကျတော့ အနည်းအကျဉ်း အခက်အခဲတော့ရှိနေသေးတယ်။ ဒါပေမဲ့ ဒါကိုတော့ တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ တင်ပြထားပြီးသားဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက အင်တာနက်နဲ့ နည်းပညာကို ပိုအသုံးချနိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေ အင်တာနက်သုံးရာမှာ အဆင်မပြေအောင်  အထူးသဖြင့် လူမှုကွန်ရက်တွေ အသုံးပြုလို့မရအောင် VPN တွေကို ဖြတ်တောက်နေပါတယ်။

အင်တာနက်ဟာ ဒရုန်းတွေ ပျံသန်းရာမှာ ထိန်းချုပ်ဖို့နဲ့ မြေပုံအသုံးပြုရေး၊ သတင်းအချက်အလက် ဆက်သွယ်ပေးပို့ရေးတို့မှာ အရေးပါတာကြောင့် မြေပြင် PDF တွေနဲ့ ပြည်သူတွေ အင်တာနက်အသုံးပြုနိုင်ရေးကို အားစိုက်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဦးထင်လင်းအောင်က ပြောပါတယ်။

“မြို့နယ်ပေါင်း ၁၂ မြို့နယ်ရဲ့ နေရာတော်တော်များများမှာ ကျနော်တို့ ဖက်ဒရယ် Net ဆိုပြီးတော့ အင်တာနက်ရရှိဖို့အတွက် လူထုကို အင်တာနက်ပေးပြီးသုံးနိုင်ဖို့နဲ့ တော်လှန်ရေး အင်အားစုတွေ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ နောက်တခုက ကရင်နီနဲ့ ချင်းပြည်နယ်ဘက်မှာ အင်တာနက်ရရှိရေး ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။ ကရင်နီ IEC နဲ့ရော ကရင်နီဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ရော ပုဂ္ဂလိကအားဖြင့်ရောပေါ့။ ဖက်ဒရယ် Net နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ အလှူငွေ ၂ သိန်းကျော်နဲ့ စတင်ပြီးတော့ဆောင်ရွက်ခဲ့တာ ပထမတုန်းက ၅ မြို့နယ်လောက်ပဲ ရည်ရွယ်ခဲ့ပေမယ့် အခု ၁၂ မြို့နယ်အထိ ချဲ့ထွင်ပြီးတော့ ဆောင်ရွက်နိုင်ခဲ့တာ ရှိတယ်။ ဆက်လက်ပြီးတော့လည်း ကျနော်တို့က ချဲ့ထွင်ပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီ ၁၂ မြို့နယ်ကတော့ အလယ်ပိုင်းဒေသလို့ ပြောရမှာပေါ့။ အညာဒေသပေါ့နော်။ ကချင်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာ ရှိတယ်။ တခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။"

ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့ စစ်ရေးပြဿနာတွေကြောင့် မြန်မာ့အရေးဟာ နိုင်ငံတကာရဲ့ ဦးစားပေး စဉ်းစားချက်မှာ မပါဝင်နိုင်ဖြစ်နေပြီး တော်လှန်ရေးအတွက် ရန်ပုံငွေ လိုအပ်ချက်မြင့် မားနေတာပါ။

ဒီအခြေအနေကိုကျော်လွှားနိုင်ဖို့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာကအာရုံစိုက်လာအောင် စဉ်ဆက်မပြတ်ကြိုးစားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

"နိုင်ငံတကာကအကူအညီရတယ်ဆိုရင် တော်လှန်ရေး၊ ကျနော်တို့လိုချင်တဲ့ အနာဂတ်ပြန်ရရေးက အချိန်တိုတိုနဲ့ ပိုဖြစ်လာနိုင်မှာဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတကာရဲ့ အကူအညီကိုတောင်းဆိုနေခြင်းဖြစ်တယ်။ နိုင်ငံတကာကနေ အကူအညီပေးရေးတွေ ကြန့်ကြာနေတာ၊ ထိရောက်တဲ့အရေးယူမှုတွေ မရှိသေးတဲ့ဥစ္စာတွေဟာ ကျနော်လည်း ထောက်ပြဖူးပါတယ်။ ဒါက စကစကပဲ တာဝန်ရှိနေတာမဟုတ်တော့ဘူး။ နိုင်ငံတကာကလည်း တာဝန်ရှိနေပြီဆိုတာ ကျနော် ထောက်ပြခဲ့ဖူးတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ မှန်ကန်တဲ့သမိုင်းကနေပါဝင်ပေးကြဖို့ကိုလည်း ဒီနေရာကနေ မေတ္တာရပ်ခံလိုပါတယ်။"

စစ်ကောင်စီက နောက်ပိုင်းကာလ စစ်ကိုင်း၊ မကွေး၊ ချင်းဒေသတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေမှာ ဒရုန်းတွေနဲ့အရင်ကင်းထောက်ပြီး သေချာမှ လေယာဉ်နဲ့တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုလာတာပါ။

လေကြောင်းတိုက်ခိုက်မှုတွေပြီးတဲ့နောက်ပိုင်းအထိ စစ်ကောင်စီက ဒရုန်းတွေနဲ့ဆက်လက်ကင်း ထောက်နေခဲ့ပြီး ဒေသတွင်း PDF တွေကလည်း ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ကြိုးစားနေကြပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024