DVB Logo
Home
မြန်မာသတင်း
ရွှေ၊ ဒေါ်လာဈေး ပြန်ကျသော်လည်း အခြေခံစားကုန်များ ဈေးတက်ဆဲ
DVB
·
June 11, 2024
ရွှေ၊ ဒေါ်လာဈေး ပြန်ကျသော်လည်း အခြေခံစားကုန်များ ဈေးတက်ဆဲ
Donate to DVB

မြန်မာပြည်တွင်းမှာ ရွှေနဲ့ ဒေါ်လာဈေး ပြန်ကျလာပေမဲ့ ဆန်၊ ဆီ အပါအဝင် အခြေခံ စားကုန်ဈေးတွေက တရိပ်ရိပ်နဲ့ ဈေး ဆက်မြင့်တက်နေတာကြောင့် ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုတွေ  ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲ လာကြပါတယ်။

မေလနှောင်းပိုင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ခုန်တက်တာကို စစ်ကောင်စီက နာမည်ကြီး ရွှေဆိုင်တွေအပါဝင် ရွှေ၊ ဒေါ်လာ အရောင်းအဝယ်လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူပြီး တုန့်ပြန်ခဲ့ပါတယ်။

အဲဒီလို အဖမ်းအဆီးတွေအပြီးမှာတော့ တဒေါ်လာကို ၅၀၀၀ ဝန်ကျင်ရှိနေရာကနေ ၄၀၀၀ ဝန်းကျင်ဖြစ်သွားပြီး သိန်း ၆၀ နီးပါး မြင့်တက်သွားခဲ့တဲ့ ရွှေဈေးဟာလည်း သိန်း ၅၀ ဝန်းကျင် ပြန်ရောက် လာခဲ့ပါတယ်။ 

ဒါပေမဲ့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်တွေကတော့ ပြန်ကျမသွားဘဲ ဆက်ပြီး တက်ရိပ်ပြနေပါတယ်။ 

ရန်ကုန်မြို့နေသူ အိမ်ရှင်မ တဦးက “ကုန်ဈေးနှုန်း တက်ချက်ကတော့ မြန်သလားမမေးနဲ့။ ဒီအတိုင်းဆို အခြေခံ လူတန်းစားတွေ ထမင်းစားရဖို့ ဝေးပြီ၊ အခုက ဈေးဝယ်ရမှာ၊ ဈေးမေးရမှာကို ကြောက်နေတာ။  တသောင်းတန် တရွက်ကို အခု ဘာမှ မရတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးနှုန်းတွေအနေနဲ့  ရွှေဘိုပေါ်ဆန်းဟာ ၂၄ ပြည်ပါ တအိတ်ကို အမြင့်ဆုံးဈေး ၁၉၈၀၀၀ ထိ ဈေးပေါက်နေပြီး၊ ဧရာ၀တီပေါ်ဆန်းဈေးနှုန်းတွေက တသိန်းခွဲ ဝန်းကျင် ဈေးပေါက်ပါတယ်။ 

ဆန်ကြမ်းဈေးနှုန်းတွေကလည်း တအိတ်ကို ကျပ် တသိန်းဝန်းကျင်မှာ ရှိနေတာဖြစ်ပြီး  ဆန်ဈေးဟာ တလအတွင်း တအိတ်ကို အနိမ့်ဆုံး ကျပ် ၁၀၀၀ ကနေ ကျပ် ၄၀၀၀ အထိ ထပ်မံ မြင့်တက်လာပါတယ်။

စားအုန်းဆီ ဈေးကလည်း လက်ကားရည်ညွှန်းဈေးကို စကစက ကျပ် ၅၀၀၀ ကျော် သတ်မှတ် ထားပေမယ့် ရန်ကုန် ပြင်ပ လက်လီ ဈေးကွက်မှာ ၇၅၀၀ ကျပ်ထိ ဈေးပေါက်နေပါတယ်။

အလားတူ ကြက်ဥ၊ ဘဲဥ အပါအဝင် သား၊ ငါး ဈေးတွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲ မြင့်တက်နေပါတယ်။ 

ကြက်ဥဈေးဟာ ပြီးခဲ့တဲ့လဆန်းမှာ တလုံးကို ၂၅၀-၃၀၀ ဝန်းကျင်ရှိနေရာ အခုအခါမှာ ၃၀၀-၃၅၀ ဝန်းကျင်ရှိလာသလို ကြက်သား တပိဿာကို ကျပ် ၁၅၀၀၀၊ အမဲသား တပိဿာကို  ၂၂၀၀၀ ကျပ်၊ ဆိတ်သား တပိဿာကို ၃၅၀၀၀ ကျပ်အထိ ဈေးတွေ မြင့်တက်နေပါတယ်။

ဒါ့အပြင် အခြေခံ လူတန်းစား အများစု မှီခိုနေရတဲ့  အသီးအရွက်ဈေးနှုန်းတွေကလည်း အခု ရက်ပိုင်းအတွင်း မှာ ထိုးတက်လာတာ တွေ့ရပါတယ်။

ဂေါ်ဖီ အထုပ်ကြီး တထုပ်ကို  ၈၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ တပွင့်ကို ၃၀၀၀ ကျပ်၊ ဗူးသီးအလတ်ဆိုဒ် တလုံးကို ၅၀၀၀ ကျပ်၊ ခရမ်းခေါင်းသီး တလုံးကို ၆၀၀ ကျပ်၊ သုံးချောင်းပါတဲ့ ပဲသီးက ၅၀၀ ကျပ်၊ ကန်စွန်းရွက်တစည်းကို ၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာကို ၆၀၀၀ ကျပ်ထိ မြင့်တက် နေပါတယ်။

သယ်ယူစရိတ်နဲ့ ထုတ်လုပ်မှုစရိတ်  ပိုကုန်ကျလာတာကြောင့် ပြည်တွင်း စားသောက်ကုန်တွေ ဈေးမြင့်နေတဲ့အပြင် ပြည်ပကနေ ဝယ်ယူ တင်သွင်းတဲ့ စားသောက်ကုန်၊ လူသုံးကုန် နဲ့ ဆေးဝါး ဈေးနှုန်းတွေကလည်း  နိုင်ငံခြား ငွေဈေးတွေနဲ့ အပြိုင် တရိပ်ရိပ်  မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရွှေနဲ့ ဒေါ်လာဈေး အနည်းငယ် ပြန်ကျလာပေမဲ့ ကုန်စည်ဈေးနှုန်းတွေကတော့ ဆက်လက် မြင့်တက်နေဆဲပါ။ 

တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားရတဲ့အတွက် ကုန်စည်စီးဆင်းဖို့ ခက်ခဲပြီး ကုန်စည်ဈေးနှုန်းတွေ  မြင့်တက်လာစေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ကုန်သည် လုပ်ငန်းရှင် တဦးက “ ကုန်သွယ်ရေး လမ်းတွေ ပိတ်တော့ ပစ္စည်းအသစ်တွေ မဝင်တော့ ဘူး။ အဲဒီတော့ လှောင်ထားတဲ့သူတွေက အရောင်းတွေ ရပ်ပစ်တယ်။ ရောင်းရင်လည်း ဈေးတင်ရောင်းတယ်။ ပစ္စည်းရှားရင် ရှိတဲ့သူက ဈေးတင်ရောင်းကြတာပဲလေ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ မလုံခြုံမှု၊ စစ်ပွဲ ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းကြားမှာ လူလတ်တန်းစား အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဆင်းရဲမွဲတေမှု မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုရေး အစီအစဥ် (UNDP)က ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့တဲ့ "ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်လာနေတဲ့ လူလတ်တန်းစားတခု"ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013