
မြန်မာပြည်တွင်း ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်တဒေါ်လာဈေးနှုန်းဟာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျပ် ၄,၈၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေပါတယ်။
အောက်တိုဘာ ၃၀ ရက် မှာ အမေရိကန်တဒေါ်လာ ရောင်းဈေးဟာ ကျပ် ၄,၇၉၀ အထိ ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က တဒေါ်လာ ရောင်းဈေး ကျပ် ၄,၇၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ တပတ်အတွင်း ကျပ် ၁၀၀ ဝန်းကျင် ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတာဟာ ပြည်တွင်းမှာ စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးစတဲ့ အခြေခံသွင်းကုန်တွေအတွက် နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတာအပြင် လာမဲ့ အယ်နီညိုရာသီအတွက် ဆိုလာစနစ်၊ ဘက်ထရီ၊ အင်ဗာတာနဲ့ လေအေးပေးစက်လို လျှပ်စစ်ပစ္စည်းတွေ တင်သွင်းဖို့လည်း နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေး အခက်အခဲတွေကြောင့် ပို့ကုန်ရငွေ ဝင်ရောက်မှု လျော့နည်းနေတာက ဈေးကွက်အတွင်း ဒေါ်လာရရှိနိုင်မှုအပေါ် သက်ရောက်နေတယ်လို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့မှုကလည်း ဈေးကွက်အတွင်း ဂယက်ရိုက်ခတ်မှု ရှိနေပါတယ်။
အဆိုပါသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဈေးနှုန်းမတည်ငြိမ်အောင် သတင်းဖြန့်ဝေသူတွေကို အရေးယူသွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ငြင်းဆိုထားပါတယ်။
ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာချိန်မှာပဲ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၉,၀၀၀ နီးပါးရှိနေပြီး အဲဒီထဲက ကျပ်ဘီလီယံ ၂,၁၀၀ ကို ဗဟိုဘဏ်ဆီကနေ ချေးယူမယ်လို့ တရားဝင်ကြေညာထားတာကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ကျပ်ငွေတန်ဖိုးအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။
လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်နေရပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့အတူ ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းလာတာကြောင့် ပြည်သူတွေနဲ့ လုပ်ငန်းရှင်တချို့ဟာ ကျပ်ငွေအစား ရွှေ၊ ဒေါ်လာနဲ့ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဒေါ်လာဝယ်လိုအား ဆက်လက်မြင့်မားနေနိုင်သလို သွင်းကုန်အပေါ် မှီခိုနေရတဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။











