DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်တွင် တောင်ယာသွားသည့် အမျိုးသား ၃ ဦး ပျောက်ဆုံး
DVB
·
June 11, 2024
ဝိုင်းမော်တွင် တောင်ယာသွားသည့် အမျိုးသား ၃ ဦး ပျောက်ဆုံး
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာက တောင်ယာကို ဇွန် ၆ ရက်ကသွားတဲ့ အမျိုးသား ၃ ဦး ပျောက်ဆုံးပြီး ဇွန် ၁၀ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးသလို ဘယ်နေရာကို ရောက်ရှိနေလဲဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

အမျိုးသား ၃ ဦးမှာ ဝိုင်းမော်၊ ရွှေညောင်ပင်ကျေးရွာကနေ မြစ်ကြီးနားကို တိမ်းရှောင်လာတဲ့ ဦးလရှီးလဆန်၊ မိုင်းနားစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဦးအင်ဒေါင်မုန်ရာနဲ့ မြစ်ကြီးနား တပ်ကုန်းစံပြက ဦးလဘန်ဘောက်နော တို့ဖြစ်ပြီး မြစ်ကြီးနားကနေ ဗလမင်းထင်တံတားကို ဖြတ်ပြီး ကားလမ်းမအတိုင်း ခတ်ချို ဒဘတ်ယန်ဘက် ကွင်းလမ်းကနေ တောင်ယာကို သွားနေတဲ့အချိန် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ဦးအင်ဒေါင်မွန်းရာရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးဟာ ဒဘတ်ယန် တောင်ယာကနေ အစောပိုင်းရက်တွေက မြစ်ကြီးနားကို ပြန်လာခဲ့ပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူပြီး တောင်ယာကို ပြန်သွားတဲ့ ဇွန် ၆ ရက် မနက် ၁၁ နာရီအထိ အဆက်အသွယ်ရနေပြီးနောက် ပျောက်ဆုံးနေတာလို့ ဦးလရှီးလဆန်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့ မြစ်ကြီးနားကနေ သွားလိုက်တာက မနက် ၁၀ နာရီလောက်မှာ ဧရာဝတီမြစ်တံတားကို ဖြတ်ပြီး သွားလိုက်တာ။ သူတို့သုံးယောက် ဆိုင်ကယ်နဲ့အတူတူတဲ့၊ သွားလိုက်တဲ့အချိန် နေ့လယ်လောက် မိန်းမတွေက ဖုန်းလိုက်ဆက်တော့ လမ်းတဝက်တော့ ရောက်နေပြီ၊ ဘာမှမဖြစ်ဘူးနော၊ လမ်းတဝက်တော့ ရောက်နေပြီ၊ အခု ငါတို့ကို စစ်ဆေးနေတယ်ဆိုပြီး တယောက်ကပြောပြီး ဖုန်းချသွားတာတဲ့၊ အဲနောက် ဖုန်းဘယ်လောက်ဆက်ဆက် ဖုန်းမကိုင်တော့ဘူး။ မိန်းမတွေက ဖုန်းအရမ်းဆက်ထားတော့ သူတို့ပြန်ဆက်လာတာတဲ့ ဖုန်းကိုင်လိုက်တော့ အမျိုးသားတယောက်က ဗမာလို ဦးလဆန်ရဲ့ မိန်းမလားဆိုပြီး မေးခဲ့တာတဲ့၊ ဦးလဆန် မိန်းမက ကချင်လိုပြောလိုက်တော့ ဖုန်းထဲက အမျိုးသားက ဗမာလို့ပြောဆိုပြီး ပြန်ပြောလာတာ။ အဲဒါနဲ့ တယောက်က သူတို့ယောက်ျားတွေ ခြံသွားတာ ဘယ်ရောက်သွားလဲလို့ မေးလိုက်တော့ ကြမ်းခမ်းရောက်နေတယ်လို့ ပြောပြီး ဖုန်းချသွားတာ ဆက်သွယ်လို့ မရတော့ဘူး။”

ပျောက်ဆုံးနေတဲ့ အမျိုးသားတွေရဲ့ ဖုန်းနဲ့ ဗမာစကားသံဝဲဝဲနဲ့ အမျိုးသားတဦးအသံနဲ့ ဖုန်းဝင်ခဲ့ပြီး ဖုန်းပြောတဲ့ အမျိုးသားဘေးမှာ တယောက်ယောက်က အမိန့်ပေးပြီး ပြောဆိုခိုင်းနေတဲ့ အသံတွေနဲ့ ဖုန်းပြောတဲ့အချိန် ဘေးမှာ ထိခိုက်နာကျင်တဲ့အသံနဲ့ ညည်းညူနေတဲ့အသံတွေ ဖုန်းကနေတဆင့် ကြားနေရတယ်လို့ ဦးလရှီးလဆန်ရဲ့ မိသားစုတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အမျိုးသား ၃ ဦး ဒဘတ်ယန်သွားတဲ့ ဝိုင်းမော် ခတ်ချိုလမ်းခွဲ ပတ်ဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတွေ စခန်းချထားတဲ့နေရာဖြစ်လို့ ဖုန်းခေါ်ဆိုတဲ့အချိန် ပြောဆိုတဲ့ ကြမ်းခမ်းကျေးရွာဟာ ဝိုင်းမော် ခတ်ချိုလမ်းခွဲကနေ ဝင်သွားပြီးနောက် ပထမဆုံး ရောက်တဲ့ရွာ ဖြစ်တယ်လို ဝိုင်းမော်မြို့ခံတဦးထံကနေ သိရပါတယ်။

ဝိုင်းမော်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တို့ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးနဲ့ပတ်သက်ပြီး အန္တရာယ်ဖြစ်မှာ စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

“နှစ်ဖက် စစ်ရေးလည်း တင်းမာနေတဲ့နေရာလည်း ဖြစ်တယ်။ သူတို့လည်း တခြားသူတွေ သွားလို့ရတယ်လို့ ပြောပြီး သွားလိုက်ကြတာပဲ၊ အလာတော့ အဆင်ပြေပြီး အပြန်မှ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဘယ်ရောက်နေတာလဲ မသိတော့ စိတ်ပူကြတာ။ သုံးလေးရက် ရှိလာပြီဆိုတော့ အသက်ကောရှိသေးလား၊ ဘယ်လိုလဲဆိုပြီး စိတ်ဆင်းရဲနေကြတယ်။”

ဝိုင်းမော်အထွက် ခတ်ချိုလမ်းခွဲ ပတ်ဝန်းကျင်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေသလို အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ ကလေးမိခင်တွေကိုတော့ ပြန်လွှတ်ပေးတာတွေ ရှိပေမဲ့ အသက်အရွယ် ငယ်ရွယ်တဲ့ အမျိုးသားတွေကိုတော့ ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုအရ ခတ်ချိုလမ်းခွဲပတ်ဝန်းကျင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၂၀ ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ၃၂၁ တပ်စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် ဝိုင်းမော်မြို့အဝင် ပတ်ဝန်းကျင်မှာ စစ်ကောင်စီက စစ်အင်အားအများအပြားနဲ့ စခန်းချထားတာပါ။

လက်ရှိ ကချင်ပြည်နယ်မှာ ဝိုင်းမော်မြို့အနီးက ခါရှီကျေးရွာ ပတ်ဝန်းကျင်နဲ့ ဝူယန်ကျေးရွာ ပတ်ဝန်းကျင်မှာ ဇူလိုင် ၁၀ ရက်ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တနိုင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတခုကိုလည်း KIA က သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013