
ရန်ကုန်မှာ အခုရက်ပိုင်း လူငယ်တွေ အများအပြား ဆက်တိုက်ဆိုသလို ပျောက်ဆုံးနေကြကာ အဆက်အသွယ်မရ ဖြစ်နေကြပြီး အများစုက စစ်အာဏာရှင်တပ်အတွက် စစ်မှုထမ်း တပ်သားသစ်အဖြစ် အဓမ္မ ခေါ်ယူစုဆောင်းခံရတာ ဖြစ်နိုင်တယ်လို့ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ တတိယပတ်ထဲမှာ အလုပ်ကပြန်လာတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်ကို ငမိုးရိပ်တံတားအနီးမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီး ၂ ပတ်ကျော် ကြာလာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း ဖြစ်စဉ်ကိုသိရှိတဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။
“အဲ့နေ့က သူက သူ့မိန်းမကလည်း ဗိုက်ကြီးနဲ့ဆိုတော့ သူက စောစောပြန်လာတာ၊ ၆ နာရီ ၇ နာရီလောက်ပဲ ရှိဦးမှာပေါ့။ ဖုန်းပြောနေတာ ဆက်တိုက်ပြောနေတာ၊ ဘယ်နားရောက်နေပြီ ဘယ်နားရောက်နေပြီ အဲဒီလို ဆက်တိုက်ပြောနေတာ။ သူ့မိန်းမဆီက ပြောလာရင်း တန်းလန်းမှာ သူ့ကို အဲဒီလို စစ်မှုထမ်းက ခေါ်တယ်ဆိုတဲ့ ပုံစံနဲ့ ခေါ်သွားတဲ့ဟာကို သူ့မိန်းမဆီ ဖုန်းထဲက ကြားလိုက်တာ။ မိန်းမရယ် ငါတော့ ဒီမှာဖြစ်နေပြီ၊ ဒုက္ခရောက်နေပြီ၊ သူက အဲဒီလို လှမ်းပြောသေးတယ်။ အဲဒီအချိန်မှာ ဟိုက ဖုန်းကို ဆွဲလုလိုက်တာ။ အဲဒါကြောင့်မို့ သူတို့က စစ်မှုထမ်းခေါ်တယ် ဆိုတာကို သိလိုက်ကြတာ။ သိတော့ အဲဒီ စစ်မှုထမ်း စုဆောင်းတဲ့နေရာကို လိုက်တာပေါ့။ လိုက်တော့လည်း မရှိတော့ဘူးပေါ့နော်။ အခုချိန်ထိတော့ ဘယ်လိုမှကို သတင်းအစအနလည်း မရတော့ဘူး၊ ဘာမှလည်း မကြားတော့တာ။”
လတ်တလောမှာ ရန်ကုန်က တာမွေ၊ ကျောက်မြောင်း၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စတဲ့ မြို့နယ်တွေမှာလည်း လူငယ်တွေ ရုတ်တရက် ပျောက်ဆုံးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရပါတယ်။ အများစုကတော့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။
ဩဂုတ် ၂၅ ရက်တုန်းကလည်း အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်မှာ လူငယ်တွေကို အလုပ်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ နေအိမ်ထဲ အချုပ်ခန်းတွေ ဆောက်လုပ် ဖမ်းဆီးထားတဲ့ ဒေသအရန်မီးသတ်တပ်ခွဲမှူးနဲ့ သမက်ဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
“လာဖမ်းတာက တညင်းကုန်း အုတ်စက်ရုံအနောက်က လာဖမ်းတာ။ ဖမ်းတဲ့ရက်ကိုတော့ အတိအကျ မသိဘူး။ အခုလမကုန်ခင် ရက်ပိုင်းလောက်ကပဲ ဖမ်းတာ။ ညနေ ၆ နာရီလောက်ရှိမယ်။ အစက လာဖမ်းတယ် မထင်ဘူး။ ပုံမှန်တိုင်း စစ်သားတွေ လှည့်ပြီးတော့ လှည့်ကင်းလှည့်လာတယ်ပဲ ထင်တာ။ နောက်မှ ဦးသိန်းဦးကို လာဖမ်းမှ သိတာ။ သူ့သမက်လည်း ဖမ်းသွားတယ်။ ဦးသိန်းဦးကို ဖမ်းတဲ့နေ့တုန်းက ရဲတွေရှာတော့ အိမ်မှာ အချုပ်ခန်းလုပ်ပြီး ဖမ်းထားတဲ့ ကောင်လေး ၄ ယောက်ကို တွေ့တယ်။ ၂ ယောက်က ဘိုကလေးက၊ ကျန်တဲ့ ၂ ယောက်ကတော့ ဘယ်သူလဲမသိဘူး။ စစ်တပ်ကပဲ အဲ့ကောင်လေး ၂ ယောက်ကို ခေါ်သွားတယ်။ မိသားစုဆီ ပြန်အပ်၊ မအပ်ကတော့ မသိဘူး။”
ပြီးခဲ့တဲ့ မေ ၁၁ ရက်က လှိုင်သာယာ အနောက်ပိုင်းမြို့နယ်က စစ်ရှောင်လူငယ် ၂ ယောက်လည်း ပျောက်ဆုံးနေပြီး အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးကြောင်းနဲ့ ဩဂုတ် ၃၀ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်မြို့နယ်မှာ စစ်မှုထမ်း လူစားထိုးဖို့ စစ်တပ် အယောင်ဆောင်ကာ လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်အာဏာရှင်တပ်က ဩဂုတ်လ ပထမပတ်ထဲမှာပဲ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ်တခုကို လူ ၅,၀၀၀ လောက် စုဆောင်းထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိအချိန်အထိ စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရသူ ၁၃၅,၀၀၀ လောက် ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။











