DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုနှင့် မုံရွာတွင် စစ်ကြောင်းနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ရေစကြိုဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီး 
DVB
·
June 10, 2024
ကျိုက်ထိုနှင့် မုံရွာတွင် စစ်ကြောင်းနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ရေစကြိုဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီး 
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ တောရကျောင်းပတ်ဝန်းကျင်ကို ဇွန် ၈ ရက် ညနေ ၃ နာရီကျော်က လမ်းအခြေအနေလာကြည့်တဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့‌တွေက ၄၀ မမ အပါအဝင် လက်နက်ငယ်တွေ  တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးနဲ့ အရပ်သားပြည်သူတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို အဲ့ဒီနားမှာရှိတဲ့ အမျိုးသမီးတဦးလည်း ၄၀ မမအစထိမှန်ပြီး ‌ခြေသလုံးရှပ်ထိ‌ဒဏ်ရာရရှိခဲ့ပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “စစ်သား၊ရဲ အင်အား ၂၆ ယောက်လောက်နဲ့ လမ်းအခြေအနေ လိုက်ကြည့်တာကို သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာ။ စစ်ခ၊ ရခ ၄ ဦးတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ အနီးနားမှာရှိတဲ့ အမျိုးသမီးတယောက်ထိသွားတဲ့အတွက် ကျနော်တို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က စစ်ကောင်စီလမ်းကြောင်းကားတွေ ဖြတ်ဖို့ ရှိနေတာကြောင့် လမ်းဘေးတလျှောက်မှာ ကင်းပုန်းတွေ ထိုးထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှ‌န်ရေးအင်အားစု(KRF) ၊ KNU/KNLA နဲ့ ကျိုက်ထိုပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြိး စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် သိမ်ဇရပ်အခြေစိုက်တပ်ရင်း ၂ ခုက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မေလအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အများဆုံးမှာ ကျိုက်ထိုမြို့နယ်က ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဇွန် ၉ ရက် ညနေပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက “ကျနော်တို့ ပူပေါင်းတပ်ဖွဲ့တွေက ၈၀၊ ၆၀၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်တာ။ ‌ေ–းတွေဘက်က ထိခိုက်ပျက်စီး သေဆုံးတာ များမယ်။ အတိအကျကတော့ စုံစမ်းနေတုန်းမို့ပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး DVB အနေနဲ့ မြို့ခံတွေကတဆင့် ညောင်ဖြူပင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

“စခန်းသိမ်းနိုင်တဲ့ အနေအထားအထိတော့ မရောက်ခဲ့ဘူး။ ‌ေ–းတွေဘက်က ရမ်းသန်းပြီး ပြန်ပစ်တာကလွဲလို့ ကျနော်တို့ဘက်က အေးဆေးပါ။ ဘာထိခိုက်မှုမှမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြတယ်” လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲမှ ရဲဘော်တဦးက ပြောပါတယ်။

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ Fighter 9 Forces (Salingyi)၊ 5/ဘခက်၊ 5/Fighter Group၊ Royal Brother Forces၊ ကနောင်မင်းသားကြီး၊ BED ငညို၊ CDF၊ SRA၊ တောဘုရင်ယက္ခ၊ ဒေါင်းတမာန်၊ Golden Eagle နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ဖြူပင်ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးသေဆုံးတာတွေ များပြားခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၁ ဦးကို ပစ်သတ်ပြီး ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇွန် ၈ ရက်နေ့မှာ ရေစကြိုခလရ ၂၅၈ ထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၇၀ ပါ စစ်ကြောင်းက ညနေပိုင်းမှာ ဆည်ရွာက တောင်သူလုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ခုနှစ်ပင်ရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားပြီး မနက် ၁၀ နာရီမှာ ကုတို့စုရွာထဲက ရွာခံ ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး မိုဘုန်းဖုန်းတွေနဲ့ ရွှေ၊ ငွေတို့ကိုပါ သိမ်းယူသွားတယ်လို့ သိရပါတယ်။

“၈ ရက်နေ့က စစ်ကြောင်းထွက်တယ်၊ စစ်ကြောင်းက ၈ ရက်နေ့ညမှ မအူမှာအိပ်တယ်၊ ဇီးတောကနေမှ ခုနှစ်ပင်ရွာထဲ အရင်ဝင်တယ်၊ အဲဒီမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပြီးတော့မှ ရွာထဲက မပြေးနိုင်တဲ့ ပြည်သူတွေကို ဓားစာခံ ဖမ်းခေါ်သွားတာ၊ အမျိုးသားတွေရော အမျိုးသမီးတွေရော အယောက် ၂၅ -၃၀ ဝန်းကျင်ရှိတယ်။ ရွာထဲက ဖုန်းတွေ၊ ရွှေတွေ၊ ပိုက်ဆံတွေ အကုန်ယူသွားတာ” လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းက ခလရ-၂၅၈ တပ်ထဲကို ပြန်ဝင်သွားပြီး ဓားစာခံပြည်သူတွေကိုတော့ ဇွန် ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013