DVB Logo
Home
မြန်မာသတင်း
မုံရွာ၊ ညောင်လေးပင်၊ လွိုင်ကော်နှင့် ရေဖြူမြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး
DVB
·
June 10, 2024
မုံရွာ၊ ညောင်လေးပင်၊ လွိုင်ကော်နှင့် ရေဖြူမြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို ဇွန် ၉ ရက်နေ့၊ မနက် ၆ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး အမျိုးသား ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်သွား​တယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “မနက်အစောပိုင်းဆိုတော့ လယ်ထဲ ယာထဲ ဆင်းတဲ့သူနဲ့ စျေး၀ယ်ထွက်တဲ့သူနဲ့ သွားသွားလာလာ အလုပ်များနေတဲ့အချိန် ရွာထဲကို စစ်သားတွေ ၀င်လာတော့ လမ်းပေါ်ရှိနေသူတွေ ပြေးကြ လွှားကြ ထွက်ပြေးကြရတာ။ အဲဒီလိုပြေးရင်းလွှားရင်း စစ်သားတွေနဲ့ ပက်ပင်းတိုးတဲ့ လူလေးတယောက်ကို ပစ်သတ်သွားတာပါ” လို့ DVB ကို ပြောပါတယ်။

ဇွန် ၈ ရက်ကလည်း သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

“‌ေ-တွေ တမနက်လုံးရွာထဲမှာ နေ့လယ်လောက်မှ ပြန်ထွက်သွားတယ်။ ရွာထဲက လူတော်တော်များများဆီက ဖုန်းဆင်းကတ်တွေ ဖြုတ်ယူသွားကြလို့ အဲဒီရွာကို ဆက်သွယ်ဖို့ ခက်ခဲခဲ့တာပါ” လို့ မုံရွာကင်းထောက်အဖွဲ့ရဲ့ အဖွဲ့၀င်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ကလည်း သက္ကယ်ကျင်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄၄၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၄ ဦး မီးဘေးသင့် သေဆုံးခဲ့ရပါသေးတယ်။ 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာကို ဇွန် ၈ ရက်ညမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရေဖြူကန်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၇ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရသူတွေက အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်ကာ နေအိမ်အတွင်း ရှိနေစဉ် လာရောက်ထိမှန်တာလို့ သိရပါတယ်။

ဒေသခံတဦးက “မိန်းကလေး ၂ ယောက်က ညိုသကျည်းနဲ့ တင်ပါးကိုထိတာ။ ယောကျ်ားလေးက ခေါင်းကိုထိတာ။ အုတ်နံရံကို မှီနေတုန်း နံရံကနေ အစပြန်လာပြီး ခေါင်းကိုထိသွားတာ။ သူတို့ပစ်တာကလည်း နှစ်ဆင့်ကွဲတွေလေ” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ညောင်လေးပင်မြို့ပေါ်ကို သွားရလာရ ခက်ခဲတဲ့အပြင် စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းရမ်းတာတွေ ရှိတာကြောင့် ဆေးခန်းသွားမပြရဲကြဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"တပ်က ရွာကို လိုချင်နေပုံရတယ်။ သူတို့ ထိုင်မလို့လေ။ ရွာက အမည်းရောင် နယ်မြေလို ဖြစ်နေတာ။ ညောင်လေးပင် တက်ရတာလည်း မလွယ်ဘူး။ အခု ဒဏ်ရာရတဲ့သူတွေကိုလည်း PDF တွေပဲ လာကုပေးနေတာ" လို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး အချို့ရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားနိုင်တာ‌ကြောင့် စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတာဖြစ်ပြီး တညကို လက်နက်ကြီးနဲ့ အနည်းဆုံး ၄ ကြိမ်ထက်မနည်း ပစ်ခတ်တာကြောင့် ကျေးရွာအတွင်း နေအိမ်တွေ ပျက်စီး ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ကယန်းအမျိုးသားတဦး သေဆုံးသွားခဲ့ပါတယ်။

ဇွန် ၈ ရက် မနက် ၁၁ နာရီခန့်မှာ အသက် ၅၇ နှစ်ရှိ အမျိုးသားဟာ တခြား စစ်ရှောင်စခန်းတခုကို ကူညီလုပ်ကိုင်ပေးဖို့ သွားရောက်စဉ် လမ်းမှာ ရုတ်တရက် စစ်ကောင်စီရဲ့ဒရုန်းတစင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ မိသားစု၀င်တဉီးက DVB ကို ပြောပါတယ်။

"စစ်ရှောင်တွေကို ကူညီရင်းနဲ့ လမ်းတနေရာမှာ ဒရုန်း နဲ့ ကြဲခံရတာပါ။ စစ်ကောင်စီ ဒရုန်းဆိုတာ သေချာပါတယ်။ လွိုင်ကော်မြို့နယ်ထဲက စစ်ရှောင်စခန်းနေရာမှာပါ။ နောက်ထပ်တော့ ဒီလိုမျိုး ဘယ်သူကိုမှ မဖြစ်စေချင်တာတော့ အမှန်ပဲ။”

အဆိုပါဖြစ်စဉ်မှာ ဗုံးသီးအစထိမှန်ကာ ဒေသခံ နောက်တဦးလည်း အသေးစားဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်းမှာ ၂၀၂၄ ခု ဇန်န၀ါရီကနေ ဧပြီလအထိ  ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး ၃၅၉ ဦးသေဆုံး၊ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်နီပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၂၆ ကြိမ်အထိ ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဇွန် ၇ ရက်က စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၇ ရက်က ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျေးရွာထဲ ဝင်ရောက်လာတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ရင်းတွေနဲ့ မော်ရဝတီရေတပ်တို့က လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပါတယ်။

စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေထဲက တလုံးဟာ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တလုံးပေါ် ကျရောက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ကလေးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတဦးက “စစ်ကြောင်းက ရွာနားရောက်တဲ့အချိန် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်သွားတာ။ အဲဒါ မော်ရဝတီရေတပ်က လက်နက်ကြီးတွေနဲ့ပစ်တာ ရွာထဲက အိမ်တအိမ်ကို ကျပြီး ၄ ဦးသေသွားတာ” လို့ ပြောပါတယ်။

မော်ရဝတီရေတပ်က လက်နက်ကြီးတွေနဲ့ ရာဖူးရွာသစ်၊ မရမ်းချောင်၊ ကော့လိုင်ကျေးရွာတွေကို ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူထိခိုက်မှု‌တွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပြီး ပြည်သူတွေလည်း စစ်ဘေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့ မိချောင်းလှောင်ကျေးရွာမှာလည်း ဇွန် ၇ ရက်‌ ညက စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု‌တွေကြောင့် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013