
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာအခုသီတင်းပတ် ကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ကို တက်ရောက်ခွင့်မရဘဲ ဖယ်ကြဉ်ခံထားရပါတယ်။
မေ ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပမဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေတက်ရောက်မဲ့ ခေါင်းဆောင်တွေထဲမှာတော့ ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆာနယ်ဘိုကီးယား၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ လာအိုဝန်ကြီးချုပ် ဆိုနီဆေး ဆီဖန်ဒုန်း၊ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်၊ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း၊ တီမောလက်စတေး ဝန်ကြီးချုပ် ကေရာလာ ရှာနာနာ ဂတ်စ်မေးနဲ့ ဗီယက်နမ် ဝန်ကြီးချုပ် လီမင်ဟုန် တို့ ပါဝင်ပါတယ်။
ဒါ့အပြင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟောင်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌတို့လည်း တက်ရောက်ကြဖို့ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲမှာတော့ အီရန်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်တွေကို အာဆီယံအနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာက အဓိက ဆွေးနွေးမဲ့ အကြောင်းအရာ ဖြစ်သလို လျင်မြန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေတွေနဲ့အညီ အာဆီယံက လိုက်လျောညီထွေ ဖြစ်စေဖို့နဲ့ အာဆီယံရဲ့အခန်းကဏ္ဍကို နိုင်ငံတကာမှာ ပိုမိုခိုင်မာအောင် လုပ်ဆောင်မဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်းလည်းတက်ရောက်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ ကြောင့် သက်ရောက်မှုတွေ၊ စွမ်းအင်နဲ့ စားနပ်ရိက္ခာလုံခြုံရေး၊ ဒေသတွင်း ဘေးကင်းလုံခြုံရေးကိစ္စ တွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိနေတဲ့အကြောင်း The Nation Thailand သတင်းမှာ ဖော်ပြပါတယ်။
ပြည်ထဲရေးဝန်ကြီးတာဝန်ပါ ပူးတွဲထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ် အနုထင်းဟာ ဒီအစည်းအဝေးက နေ ထိုင်းပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ရရှိလာအောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သာနာဒီးရက်က ပြောပါတယ်။
“ကျွန်ုပ်တို့၏အနာဂတ်ဆီသို့ အတူတကွ လျှောက်လှမ်းကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပမဲ့ ဒီအစည်းအဝေးကို မြန်မာစစ်အာဏာရှင်ကလွဲလို့ တခြားအာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ ရှိနေတာပါ။
ဒါ့အပြင် ရာချာဒါက ကမ္ဘာ့နေရာအနှံ့အပြားမှာ ပဋိပက္ခတွေဖြစ်နေပြီး ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖိအားတွေများနေတဲ့ အချိန်မျိုးမှာ အခုလို ထိပ်သီးအစည်းအဝေး ကျင်းပတာ ဖြစ်တယ်လို့ ပြောလိုက်သလို အာဆီယံနိုင်ငံတွေဟာ ဒီဂယက်တွေကို သိသိသာသာ ခံစားနေရတာ ကြောင့် ဒီအစည်းအဝေးဟာ ဒေသတွင်းလမ်းကြောင်းကို ပုံဖော်ဖို့နဲ့ ပြည်သူတွေရဲ့ဘဝနဲ့ တိုက်ရိုက် ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းအောင် လုပ်ဆောင်ဖို့အတွက် အဓိကကျတဲ့ ပလက်ဖောင်းတခု ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကတော့ အခုနှစ်မှာ ရယူရမဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာကိုလည်း လက်လွှတ်ဆုံးရှုံးထားရသလို စစ်အာဏာရှင်ခေါင်းဆောင်ကိုလည်း အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ အရေးပါတဲ့အစည်းအဝေးတွေ တက်ရောက်ခွင့်ကိုလည်း ဖယ်ကြဉ်ခံ ထားရတာ ဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင်အခုရက်ပိုင်းမှာတင် ကျင်းပခဲ့တဲ့ အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များအစည်းအဝေးမှာတော့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တဖက်သတ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအလွန် သမ္မတ အဖြစ် ကျမ်းကျိန်အပြီးမှာ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာစစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုအာဆီယံ ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ် သွားမယ်လို့ ခုရက်ပိုင်းမှာ ပြောထားခဲ့တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်က နေပြည်တော်ကိုသွားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ အာဆီယံနဲ့ စစ်အာဏာရှင် အစိုးရတို့ ပြန်ပြီး ထိတွေ့ဆက်ဆံဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။
စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း အခုအချိန်ထိ ဘုံသဘောတူညီချက် မရရှိသေးဘူး လို့လည်း အာဆီယံပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေးဗီးယား အင်မ်ပီးရီးယယ်လ်က ပြောထား ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာနက မေ ၆ ရက်က ထုတ်ပြန် တောင်းဆိုထားပါတယ်။










