DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာကျောင်းသား ၁ ဦးက ကွန်ဒိုတိုက်ခန်းကို မီးရှို့ပြီးသောင်းကျန်း
DVB
·
June 9, 2024
ဘန်ကောက်တွင် မြန်မာကျောင်းသား ၁ ဦးက ကွန်ဒိုတိုက်ခန်းကို မီးရှို့ပြီးသောင်းကျန်း
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်းကပီနယ်မြေထဲမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက မြန်မာကျောင်းသားတယောက်ဟာ သူ့ရဲ့ ကွန်ဒိုတိုက်ခန်းကို မီးနဲ့ရှို့ပြီး ဓားနဲ့ဝှေ့ယမ်း သောင်းကျန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ညနေ ၂ နာရီ ၄၅ မိနစ်လောက်က ဘန်းကပီနယ်မြေ၊ ခလောင်းကျန်ရပ်ကွက်၊ လတ်ဖရောဝ့်လမ်းသွယ် ၁၁၁ ထဲမှာ မီးလောင်နေတယ်လို့ သတင်းပေးချက်ရတဲ့အတွက် မီးသတ်တပ်ဖွဲ့ကိုပါ အကြောင်းကြားပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ လတ်ဖရောဝ့်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရောက်ရှိသွားချိန်မှာ လုမ္ပဏီစင်တာကွန်ဒို ၈ လွှာက အခန်းတခန်းမှာ မီးခိုးတွေ အူထွက်နေပြီး တိုက်ခန်းအောက်မှာတော့ အော်ဟစ်သောင်းကျန်းနေတဲ့ လူငယ်တယောက်ကို ဘေးပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးနေကြတယ်လို့ ဆိုပါတယ်။

တိုက်ခန်းနေလူတယောက်ကတော့ သူဟာ ၈ လွှာပေါ်က အခန်းတခုထဲမှာ မီးလောင်နေတာ လှမ်းမြင်ရလို့ အပေါ်ထပ်ကို တက်သွားတဲ့အချိန် လှေကားတဝက်မှာ လူတယောက် မီးသတ်ဆေးဘူးကိုင် ဆင်းလာပြီး သူ့ကို ပေးမသွားဘဲ မီးသတ်ဘူးနဲ့ မျက်နှာကို လှမ်းပက်တာကြောင့် သူလည်း ပြန်ဆင်းလာပြီး တာဝန်ရှိသူတယောက်နဲ့ နောက်တခေါက် အပေါ်ပြန်တက်ရာမှာ လူငယ်က ဓားနဲ့ပါ ခြိမ်းခြောက်ရမ်းကားလို့ ဝိုင်းဝန်းဖမ်းဆီးကြတာလို့ ပြောပါတယ်။

တိုက်ခန်းထဲမှာ မီးလောင်နေတော့ ကွန်ဒိုက လူတွေလည်း မီးကူးမှာကို စိုးရိမ်ပြီး အားလုံး အထိတ်တလန့် ထွက်ပြေးကြတယ်၊ သက်ကြီးရွယ်အိုတွေကို ကူညီခေါ်ထုတ်ကြတယ်၊ မီးလောင်တဲ့အခန်းနဲ့ ကပ်လျက် အဘွားကြီးတယောက်ကတော့ မီးခိုးမွှန်လို့ ဆေးရုံပို့ရပြီး ခုတော့ သက်သာသွားပြီလို့ ဆိုပါတယ်။

ရဲအရာရှိတယောက်ကလည်း ရဲတပ်ဖွဲ့က အဲဒီအခန်းကို သွားရောက်စစ်ဆေးရာမှာ အခန်းထဲမှာ မီးခြစ်ဘူး၊ စာအုပ်တွေ၊ အဝတ်အစားနဲ့ ပရိဘောဂတွေ မီးလောင်ထားတာ တွေ့ရတယ်လို့ ပြောပါတယ်။

အခန်းပိုင်ရှင်ဟာ အသက် ၂၄ နှစ်ရွယ် Pyae Sone Soe ဆိုသူ မြန်မာကျောင်းသားတယောက် ဖြစ်ပြီး ထိုင်းတက္ကသိုလ်မှာ ကျောင်းဆက်တက်ဖို့  လွန်ခဲ့တဲ့ ၁ လကျော်ကမှ ရောက်လာတာလို့  ဆိုပါတယ်။

သူဟာ ဘာကြောင့် အခုလို မီးရှို့ရသလဲဆိုတာတော့ ထိုင်းစကား နားမလည်လို့ မေးမြန်းလို့ မရသေးကြောင်း၊ သူ့အသိတယောက် ပြောဆိုချက်အရ သူ့မှာ  စိတ်ရောဂါအခံရှိတယ်လို့လည်း ရဲအရာရှိက ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်ကလည်း ထိုင်းရောက်ခါစ မြန်မာလူငယ်တယောက် အလုပ်လက်မဲ့ဖြစ်၊ စိတ်ဓာတ်ကျပြီး တရန်းခရိုင်က ဈေးဆိုင်ထဲမှာ ဓားထိုးမှု ကျူးလွန်လို့  ဆိုင်ရှင် ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား - komchadluek / CH7HDNEWS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013