
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ကလေးသူငယ်တွေအပေါ် ကျူးလွန်ဖောက်ဖျက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျူးလွန်သူများစာရင်းမှာ အစ္စရေးစစ်တပ်ကို ထည့်သွင်းခဲ့ကြောင်း အစ္စရေးရဲ့ ကုလသမဂ္ဂ အထူးသံတမန်ဂီလာ့ဒ် အာဒန်က ဇွန် ၇ ရက်မှာ ပြောကြားလိုက်ပြီး ဒီဆုံးဖြတ်ချက်ဟာ “ရှက်စရာ၊ ရွံစရာကောင်းတယ်” လို့လည်း ဆိုလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဇွန်လ ၇ ရက်မှာ တရားဝင်အကြောင်းကြားခဲ့တယ်လို့လည်း အာဒန်က ပြောဆိုပါတယ်။
“အစ္စရေးစစ်တပ်ဟာ ကမ္ဘာပေါ်မှာ ကျင့်ဝတ်အလိုက်နာဆုံး စစ်တပ်ဖြစ်တာကြောင့် ဒီအကျင့်ပျက် ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်သမားတွေဘက်ကို အထောက်အကူပြုပြီး သူတို့ကို ဆုလာဘ်ပေးသလို ဖြစ်မှာပဲ။”
အမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်တခုကတော့ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်တွေကိုလည်း စာရင်းသွင်းလိမ့်မယ်လို့ ပြောကြားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကျူးလွန်သူများစာရင်းကို ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ ဇွန် ၁၄ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြမယ့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခများအကြောင်း အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ သတ်ဖြတ်ခြင်းနဲ့ လှည့်စားခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ကလေးတွေကို စုဆောင်းခြင်းနဲ့ အသုံးချခြင်း၊ အကူအညီပေးခွင့်ကို ငြင်းပယ်ခြင်းနဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်ခြင်းစတဲ့ ချိုးဖောက်မှု ၆ ခု အကြောင်း ထည့်သွင်းထားပါတယ်။
အစ္စရေး၊ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်တွေကို ဘာချိုးဖောက်မှုတွေထဲ စာရင်းသွင်းထားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ် ကတော့ ဒီဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂနဲ့ အစ္စရေးရဲ့ ဆက်ဆံရေးအတွက် အကျိုးဆက်တွေ ရှိလိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။
၈ လကြာစစ်ပွဲအတွင်း ဟားမတ်စ်အုပ်ချုပ်တဲ့ ဂါဇာမှာ အနည်းဆုံး ကလေး ၇,၇၉၇ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ယုံကြည်စိတ်ချရတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ထုတ်ထားတဲ့ အလောင်းအချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂက ပြီးခဲ့တဲ့လက ပြောထားပါတယ်။
ဂါဇာ အစိုးရ မီဒီယာရုံးကတော့ ကလေးငယ် စုစုပေါင်း ၁၅,၅၀၀ လောက် သေဆုံးခဲ့ကြောင်း ပြောဆိုပါတယ်။
အစ္စရေးနိုင်ငံရဲ့ ကလေးများဆိုင်ရာ အမျိုးသားကောင်စီကတော့ အောက်တိုဘာ ၇ ရက်က ဖြစ်ပွားတဲ့ ဟားမတ်စ် တိုက်ခိုက်မှုအတွင်းမှာ ကလေး ၃၈ ဦး သေဆုံးခဲ့ရပြီး ဓားစာ ခံဖမ်းဆီးခံရတဲ့ လူ ၂၅၀ ထဲမှာ ကလေး ၄၂ ယောက် ပါဝင်ကာ ကလေး ၂ ယောက်ကလွဲလို့ အားလုံး ပြန်လွတ်လာပြီ ဖြစ်ပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွဒ်အက်ဘာ့စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးကို သူ့ရာဇ၀တ်မှုတွေအတွက် တာဝန်ယူရမယ့် လမ်းကြောင်းမှန်ပေါ် ခြေလှမ်းဖြစ်ပြီး အစ္စရေးကို ဟိုးရှေးရှေးကတည်းက ထည့်သွင်းသင့်တာလို့လည်း ပြောကြားခဲ့ပါတယ်။
Source - Reuters











