DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ကျောင်းများမဖွင့်နိုင်၊ ပုလောတွင် ပြည်သူ့ပညာရေး ဝင်ခွင့်ဖြေသူ ၄၀၀ ခန့်ရှိ
DVB
·
June 8, 2024
ပလက်ဝတွင် ကျောင်းများမဖွင့်နိုင်၊ ပုလောတွင် ပြည်သူ့ပညာရေး ဝင်ခွင့်ဖြေသူ ၄၀၀ ခန့်ရှိ
1 / 8
Donate to DVB

အာရက္ခတပ်တော် အေအေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်သေးဘဲ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် စိုးမိုးနယ်မြေတွေမှာ စစ်ကောင်စီပညာရေးကနေ ပြည်သူ့ပညာရေးယန္တရားကို ဝင်ခွင့်ဖြေဆိုသူ ကျောင်းသားပေါင်း ၄၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ပုံမှန်စာသင်နှစ် စတင်ချိန် ဇွန်လမှာ မြန်မာနိုင်ငံတဝန်းက ကျောင်းတွေ ဖွင့်လှစ်ကြတာဖြစ်ပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့အပါအဝင် တမြို့နယ်လုံးမှာ ကျောင်းဖွင့်ကာလ တပတ်ပြည့်တဲ့အထိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၉၀ ကျော်လုံး ပိတ်ထားရတယ်လို့ သိရပါတယ်။

ပလက်ဝစစ်ဘေးရှောင်ပညာရေး အကူအညီပေးနေသူတယောက်က “ကျောင်းတွေကတော့ ဖွင့်ကို မဖွင့်တော့ဘူး။ တမြို့နယ်လုံးကို မဖွင့်တာ။ NUG နဲ့ ချိတ်ဆက်ပြီးတော့မှ နယ်စပ်မှာလာဖွင့်ကြတဲ့ ကျောင်းတွေတော့ရှိတယ်။ အေအေကနေ ဦးဆောင်ပြီး ဖွင့်တဲ့ကျောင်းကတော့ အခုချိန်ထိတော့ မရှိသေးဘူး။ မြို့ခံတွေကတော့ ဟားခါး၊ ရန်ကုန်၊ အိန္ဒိယဘက်ကို ပြောင်းရွေ့ကြပြီးတော့မှ ကလေးတွေ ကျောင်းထားကြတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ဘေးရှောင်ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ ပလက်ဝ ပညာရေးစင်တာ (Paletwa Education Center) ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အာရက္ခတပ်တော် အေအေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေတွေမှာ စစ်ကောင်စီပညာရေးကနေ ပြည်သူ့ပညာရေးယန္တရားကို ဝင်ခွင့်ဖြေဆိုသူ ကျောင်းသားပေါင်း ၄၀၀ နီးပါးအထိရှိတယ်လို့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်မှာ စစ်ကောင်စီပညာရေးကနေ ကူးပြောင်းလာတဲ့ကျောင်းသားတွေကို ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပညာရေးမူဝါဒအရ ဝင်ခွင့် ဖြေဆိုခိုင်းတာဖြစ်ပြီး ကျောင်းသားတွေရဲ့ အောင်ချက်က ပျှမ်းမျှ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအတွင်း ရှိတယ်လို့ သိရပါတယ်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ကောင်စီပညာရေးမှာ တက်ခဲ့တဲ့ ကျောင်းသားတွေက ၁ နှစ်မှာ ၃ လပဲတက်ပြီး အောင်လာတယ်။ တချို့ဆို ကျောင်းအပ်ပြီး ကျောင်းမတက်ဘဲ အောင်သွားတဲ့သူလည်းရှိတယ်။ ပြည်သူ့ပညာရေးကျောင်းမှာ တက်ချင်ရင် သူတို့ရဲ့ အရည်အချင်းကို ပြန်စစ်ပြီးမှ အတန်းတင်ပေးတာပါ။

တချို့ကျောင်းသားမိဘတွေက လက်ခံတယ်။ တချို့ကျောင်းသားမိဘတွေကလည်း မေးခွန်းခက်တယ်လို့ ပြောကြတယ်။ ကျနော်တို့က ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး အတန်းမြင့်ဖို့ထက် ပညာရေးကို ဦးစားပေးပါလို့ သူတို့နားလည်အောင်ရှင်းပြရတယ်” လို့ ပြောပါတယ်။

စိုးမိုးနယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ပညာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေများလာပြီး အထက်တန်းပညာသင်ကြားပေးမယ့် ဆရာ၊ ဆရာမအင်အား မလုံလောက်မှုနဲ့ ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ၊ စာရေးကိရိယာတွေ လိုအပ်မှုရှိနေတယ်လို့ CDM ဆရာတွေဆီက သိရပါတယ်။

ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေတွေမှာ ကြားကာလ ကိုယ်ထူကိုယ်ထ ပညာသင်ကျောင်းပေါင်း ၂၀ နီးပါးလောက်ရှိပြီး ကျောင်းသားဦးရေ ၂,၀၀၀ ဝန်းကျင်ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013