DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက်
DVB
·
June 8, 2024
မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက်
Donate to DVB

စစ်ရေးပြင်းထန်နေတဲ့ မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ရင်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၆ ခုကို ဇွန် ၂ ရက်နေ့ကနေ ဇွန် ၇ ရက်နေ့တွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်(အေအေ) ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်ထဲက တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဇွန် ၂ ရက်နေ့မှာ မောင်တောမြို့နယ်အတွင်းက တာဝါတိုင်စခန်း၊ ဇွန် ၃ ရက်နေ့မှာ ကျောက်ပန္ဒူစခန်း၊ ဇွန် ၄ ရက်နေ့မှာ ခွဆုံပြင်စခန်းနဲ့ မြင်းလွှတ်စခန်း၊ ဇွန် ၆ ရက်နေ့မှာ နခခ ၆ အင်းဒင်စခန်းနဲ့ ဇွန် ၇ ရက်နေ့မှာ နခခ ၉ မြင်းလွှတ် တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့  ဘူးသီးတောင်၊ မောင်တောရှိစခန်းတွေက လက်နက်တွေနဲ့ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပြီး မောင်တောမြို့နယ်အတွင်း စစ်ကောင်စီရဲ့ တခြား လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ ၄၊ မောရဝတီ၊ အလယ်သံကျော်၊ နားခေါင်းတိုစခန်း အပါအဝင် တခြားလက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိ မောင်တောမြို့နယ်အတွင်းမှာ နခခ ရဲတပ် ၈ ခုထဲက ၅ ခုအထိကို အေအေက သိမ်းပိုက်လိုက်တာကြောင့် မောင်တောမြို့ကို စစ်ကောင်စီအနေနဲ့ ထိန်းထားနိုင်ဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိနေပြီး မကြာခင်မှာ လက်လွတ်ပေးရမယ့် အနေအထားမှာ ရှိတယ်လို့ မောင်တောမြို့ခံတယောက်က ပြောပါတယ်။

“မောင်တောမြိုနယ်မှာက စစ်ကောင်စီက နယ်ခြားစောင့်ရဲတပ်ရင်း ၈ ခုအထိရှိပြီးတော့ ကျန်စခန်းငယ်တွေလည်း ရှိကြတယ်။ အဲဒီတပ်ရင်း ၈ ခုမှာ အေအေက ၅ ခုအထိကို သိမ်းပိုင်နိုင်တာကြောင့် မောင်တောမြို့နယ်အထဲ စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များဟာ ကျသွားပြီးဖြစ်ပြီးတော့ မောင်တောမြို့ကို ဆက်ထိန်းထားဖို့က တော်တော်လည်းကို ခက်ခဲသွားတဲ့ သဘောမှာရှိတယ်။ နခခ ၆ အင်းဒင်ဆိုရင်လည်း အင်အားကြီးတဲ့ စခန်းတွေတောင် ကျသွားတာဆိုတော့ မကြာခင်မှာ မြို့နယ်တခုလုံးကို လက်လွတ်ပေးရမယ် အခြေအနေမှာရှိတယ်” လို့ ပြောပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်နဲ့ မောင်တောမြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့  စောစီးစွာလက်နက်ချအညံ့ခံရင် အသက်အန္တရာယ်ကင်းဝေးမယ်လို့လည်း အေအေက ထပ်မံသတိပေးထားပါတယ်။

ဇွန်လ ပထမအပတ်အတွင်းမှာ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အမ်းနဲ့ သံတွဲမြို့နယ်မှာ သေဆုံးသူ ၁၀၀ နီးပါးအထိရှိခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ပြောထားပါတယ်။

လက်ရှိမှာ သံတွဲ၊ အမ်းနဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတိုင်းကိုလည်း သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်သွားမယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013