DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပဲစင်းငုံဈေးကျပြီး တောင်သူများ အရှုံးပေါ်
DVB
·
June 8, 2024
ဧရာဝတီတိုင်းတွင် ပဲစင်းငုံဈေးကျပြီး တောင်သူများ အရှုံးပေါ်
Donate to DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန် ပဲစင်းငုံတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့သာ တင်ပို့နေရတာကြောင့် ဈေးကျဆင်းပြီး အရှုံးပေါ်နေတယ်လို့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပဲစင်းငုံ အဓိကဈေးကွက်ဟာ အိန္ဒိယနဲ့ တရုတ်ဖြစ်ပြီး လက်ရှိ ဧရာဝတီတိုင်း ဒေသထွက် ပဲစင်းငုံတွေကို ပြည်ပ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဈေးကွက်ကို အကန့်အသတ်နဲ့သာ တင်ပို့ရောင်းနေရတာကြောင့် ပြည်တွင်းဈေးကွက် တခုတည်းကို အားကိုးနေရတာကြောင့် ပဲဈေးကျဆင်းပြီး အရှုံးပေါ်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “တရုတ်က ဒီဘက်ကကုန်တွေကို သူတို့လိုတဲ့အချိန် လိုသလောက်ပဲ ဝယ်တာ။ အိန္ဒိယက အဝယ်ရပ်ထားတယ်။ ပို့ကုန်က မနည်းရှိနေတယ်၊ ဝယ်ကုန်မရှိတော့ ဈေးမရ ဖြစ်နေတာ။ တရုတ်ကို အကန့်အသတ်နဲ့ ပို့နေရတော့ ဈေးမရ၊ ကုန်တင်ပို့မရ ဖြစ်နေတာ။ တခြား ပဲစင်းငုံ ပြည်ပဈေးကွက်ကလည်း စစ်တပ်အာဏာလုပြီးကတည်းက တင်ပို့မရတော့တာ။ အဲတော့ တောင်သူတွေ အရှုံးခံထိနေတာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကထွက်တဲ့ စိုက်ပျိုးရေးထွက်ကုန် ပဲစင်းငုံဈေးအနေနဲ့ အခုနှစ် မေလမှာ ပိဿာ ၂၀ ပါ ပဲစင်းငုံ ၁ တင်းကို ငွေကျပ် ၇၅,၀၀၀ ဈေးပေါက်ခဲ့ပြီး အခု ဇွန်လထဲမှာ ပိဿာ ၂၀ ပါတဲ့ ပဲစင်းငုံ ၁ တင်းကို ၅၅,၀၀၀ အထိ ဈေးကျဆင်းနေတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က တောင်သူတယောက်က “အရင်ကပေါက်တဲ့ဈေးနဲ့ မယှဉ်နဲ့ဦး၊ အခုနှစ် နှစ်လတာဈေးနဲ့ပဲ ယှဉ်ပါဦး၊ ပဲစင်းငုံဈေးက အဆမတန် ကျနေတာ။ ပဲစင်းငုံဈေးက တရုတ်အပေါ် မူတည်နေတာကို။ တရုတ်က ဈေးမပေးရင် ကျနော်တို့တောင်သူတွေ ဘယ်လောက်စိုက်စိုက် အကျိုးမဖြစ်ဘူး။ ဒီနှစ် ၅ ဧကစိုက်တာ အရှုံးပေါ်သွား၊ အကြွေးလည်း တင်နေပါပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးတဲ့လုပ်ငန်းပြီးရင် ပဲကို အဓိကစိုက်ပျိုးကြပြီး ပဲစင်းငုံ စိုက်ပျိုးတဲ့ လုပ်ငန်းကို ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ အိမ်မဲ၊ မြောင်းမြ၊ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ငပုတော၊ မအူပင်၊ ပန်းတနော်၊ ဝါးခယ်မ၊ ဘိုကလေး၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်ဒေသခံ တောင်သူတယောက်က “ဒီနှစ် အတော်လေးရှုံးတယ်၊ ၁ ဧကကို ၃ သိန်းရှုံးတယ်။ ဘယ်လွယ်မလဲ၊ ၁၀ ဧကရှိတဲ့သူက သိန်း ၃၀ လောက် ရှုံးနေပြီ။ အခုနှစ် အလုပ်သမားခကတွေကလည်း အရင်ထက် တော်တော်တက်လာတယ်။ အခုနှစ် ပိုးသတ်ဆေးဈေးတွေကလည်း ကြီးတော့ လူတိုင်း ဆေးတအား မသုံးနိုင်ကြဘူး။ အရင်နှစ်ထက် တော်တော်ရှုံးနေတယ်” လို့ ပြောပါတယ်။

အခု ပဲစိုက်ပျိုးရာသီမှာ စိုက်ခင်း ၁ ဧကအတွက် ကုန်ကျစရိတ်အနေနဲ့ စက်မောင်းခ ငွေကျပ် ၁၂၀,၀၀၀၊ ပဲမျိုးစေ့ဖိုး ငွေကျပ် ၁၇၅,၀၀၀၊ သွင်းအားစုကုန်ကျစရိတ်ဖိုး ငွေကျပ် ၃၅၀,၀၀၀၊ ရေတင်ခဖိုး ငွေကျပ် ၁၃၀,၀၀၀၊ ပဲနုတ်ခဖိုး ငွေကျပ် ၈၅,၀၀၀၊ ပဲစက်ခြွေခ ငွေကျပ် ၈၅,၀၀၀ ကုန်ချခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013