DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၌ စစ်ကောင်စီတပ်သား ၁ ဦး အဆုံးစီရင်၊ ဘီးလင်းတွင် ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
June 8, 2024
တနင်္သာရီ၌ စစ်ကောင်စီတပ်သား ၁ ဦး အဆုံးစီရင်၊ ဘီးလင်းတွင် ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက တပ်သားတဦး ဇွန် ၇ ရက် မနက်မှာ တပ်ရင်းအတွင်း သေနတ်ကိုယ်ကိုယ်ကို ပစ်သတ် အဆုံးစီရင်ပြီး သေဆုံးခဲ့တယ်လို့ တပ်ရင်းနဲ့နီးစပ်သူ‌တွေဆီက ပြောပါတယ်။

သေဆုံးသူ စစ်ကောင်စီတပ်သားဟာ ခမရ ၅၆၁ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ ကိုစိုင်းကို ဖြစ်ပြီး တပ်ရင်းအနီး တံတားမှာ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

‌ဒေသခံတဦးက “ရွာသားတွေ အိပ်နေကြချိန် ည ၁ နာရီလောက်မှာ သေနတ်သံတချက်ပဲကြားတယ်၊ နောက်ထပ် သေနတ်သံမကြားရတော့ဘူး၊ ဘာဖြစ်လဲ မသိဘူးဆိုပြီး ပြန်အိပ်လိုက်တယ်၊ မနက်မိုးလင်းတော့ ညောင်ပင်ကွင်းတံတားမှာ စစ်သားတယောက်သေနေတယ်၊ PDF ဝင်ပစ်မယ်ဆိုရင် ခွေးဟောင်တာတို့ သေနတ်ပစ်ခတ်သံတွေ ကြားရမှာပေါ့” လို့ပြောပါတယ်။

တပ်သားသေဆုံးမှုက မိမိကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေကထင်မြင်ယူဆနေကြပြီး ဘာကြောင့်အဆုံးစီရင်လိုက်တယ်ဆိုတာကိုတော့ အတည်မပြုနိင်ဘူးလို့ ဒေသခံပြည်သူတဦးက DVB  ကိုပြောပါတယ်။

တပ်ရင်းနဲ့နီးစပ်သူတဦးက “တပ်သားကခြေထောက်နှင့် ထောက်ပြီး သေနတ်ပြောင်းက ဦးခေါင်းကို ချိန်ပြီး ပစ်တဲ့ပုံစံပါ။ ဦးခေါင်းပိုင်းမှာထိထားတဲ့ဒဏ်ရာကြောင့် အခုလိုပြောနိုင်တာပါ"လို့ ပြောပါတယ်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အဲ့ဒီနေ့က ခမရ ၅၆၁ တပ်ရင်းတဝိုက်မှာ စစ်ရေးလှုပ်ရှားတာလည်းမရှိသလို တပ်ရင်းအတွင်း သွားရောက်ပစ်ခတ်တိုက်ခိုက်တာလည်း မရှိခဲ့ဘူးလို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

ညောင်ပင်ကွင်း အခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှာ တပ်သားမကြာခဏ ထွက်ပြေးတိမ်းရှောင်တဲ့ဖြစ်စဥ်တွေရှိခဲ့ပြီး တပ်ရင်းအတွင်း လက်အောက်ငယ်သားတွေအပေါ် နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်လို့ ထောက်လှမ်းကြားသိရကြောင်းလည်း ဆက်ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်အပြည်အစုံနဲ့ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တဦးဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာမှာတော့ မေ ၆ ရက် ညနေပိုင်းက ရဲတပ်ကြပ်တဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီလင်းမြို့ တောင်စွန်းကျေးရွာလျှပ်စစ်ရုံးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး တင်လှဟာ မေ ၆ ရက် ညနေ ၆ နာရီလောက်က လျှပ်စစ်ရုံးကနေ ဇုတ်သုတ်ဘက်ကို ဆိုင်ကယ်နဲ့သွားတဲ့အချိန် ယွန်းဒလင်းကုန်းကျေးရွာ အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

တောင်စွန်းရွာခံတဦးက “သူက တောင်စွန်းလျှပ်စစ်ရုံးမှာ အစောင့်တာဝန်ကျတာ။ မနေ့ မိုးမချုပ်ခင် အချိန်လောက်မှာ သူ့အိမ်ကိုပြန်နေရင်း ယွန်ဒလင်းကုန်း လက်ဖက်ရည်ဆိုင်နားမှာ ပစ်သတ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ကပစ်သွားလဲ ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးတင်လှ အလောင်းကို ဘီးလင်းပြည်သူ့ဆေးရုံကို ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ပို့ဆောင်ပေးခဲ့ပါတယ်။

ရဲတပ်ကြပ်တင်လှ ပစ်ခတ်ခံရတာနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကို ဆက်သွယ်ထားပေမဲ့ ပြန်လည်‌ဖြေကြားတာ မရှိသေးပါဘူး။

ဧပြီ ၂၉ ရက်ကလည်း ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာမှာ မြို့နယ်အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013