
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်(ယိုကလား)ကျေးရွာကို စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီလောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင် ၃ ဆောင်နဲ့ နေအိမ် ၃၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကြသောင်းဆိပ်(ယိုကလား)ကျေးရွာ အရှေ့ခြမ်းက စာသင်ကျောင်းဆောင် ၃ ဆောင်၊ ဝန်ထမ်းအိမ်ရာ ၁ လုံး နဲ့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ကျေးရွာအရှေ့ခြမ်းက စာသင်ဆောင် ၂ လုံးနဲ့ နေအိမ် ၃၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဗုံး တလုံးက မကွဲဘူး။ လူအထိအခိုက်တော့ မရှိဘူး။ ကျေးရွာသားတွေက သတင်းကြိုရထားတဲ့အတွက် ရွာသားတွေက ရှောင်နေလို့ လူတွေအထိအခိုက် မရှိဘူး”လို့ ပြောပါတယ်။
ဒါအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပြီး ကတိုင်တိကျေးရွာမှာရှိတဲ့ တပ်စခန်းကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၆ ရက်က ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။











