
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာရေကြီးရေလျှံမှုကြောင့် ဒေသခံအများပြားဟာ ရေဘေးလွတ်တဲ့ နေရာတွေဆီ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
သြဂုတ် ၂၅ ရက်ကစတင်ပြီးမိုးသည်းထန်စ္စာရွာသွန်းမှုကြောင့် တောင်ကျရေတွေ ကျဆင်းလာကာ ဘီလင်းမြစ်ရေမြင့်တက်လာလို့ ကန်သာယာရပ်ကွက် ၇ ကလူနေအိမ်တွေထဲ စတင်ရေဝင်ရောက် လာတာကြောင့် ဒေသခံတွေကို သြဂုတ် ၂၇ ရက်ကစတင် ပြီးအရေးပေါ် ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ပေးသူက “လောလောဆယ်မြေနိမ့်ပိုင်းဒေသတွေက သူတွေကိုပြောင်းရွှေ့ပေးထားတယ်။ ဘီးလင်းမြစ်ရေထပ်တိုးလာရင်ထပ်ပြောင်းရွှေ့ရမဲ့ ဒေသတွေ များလာနိုင်တယ်” လို့ပြောပါတယ်။
လတ်တလော ဘီးလင်းမြစ်ရေဝင်ရောက်ကာ စတင်ဝင် ရောက်လာတဲ့ကန်သာယာရပ်ကွက်ထဲက အိမ်ထောင်စု ၃၀ လောက်က အရပ်သားအယောက် ၁၉၀ ကျော်ကိုရေဘေးလွတ်တဲ့ ယာယီ ရေဘေးရှောင်စခန်း အားကစားခန်းမဆီ ပြောင်းရွှေ့ပေးထားရပါတယ်။
ဒေသခံတယောက်က “ဘေးအန္တရာယ်ဖြစ်မှာစိုးတာကြောင့်ပြောင်းရွှေ့တာ။ လုံးဝအိမ်တွေ မြုပ်သွားတဲ့အထိတော့ မဖြစ်သေးပါဘူး။ မီးသတ်တာဝန်ရှိသူတွေက ရေဘေးလွတ်တဲ့နေရာတွေကို ကြိုတင်ပြောင်းရွှေ့ပေးတာ” လို့ ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေ ၃ လက်မ လောက် အကွာမှာ ရောက်ရှိနေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ ကြိုတင် သတိထားကြဖို့နဲ့ မြစ်ရေ ဆက်လက်မြင့်တက်လာပါက အချိန်မီ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ မြန်မာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသတိပေးချက် အရသိရပါတယ်။











