
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်ကို စစ်အာဏာရှင်စစ်ကြောင်းတွေက ကရင်လက်နက်ကိုင် DKBA ၊ BGF တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာ တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေကို စစ်ဘေးရှာင်နေကြရပါတယ်။
ဇူလိုင် ၅ ရက်ကစပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၁ နယ်မြေ၊ ကျိုက်ထိုမြို့နယ် နဲ့ ဘီးလင်းမြို့နယ်အစပ်ကို လူအင်အား ၂၀၀ ကျော်နဲ့ စစ်အာဏာရှင်စစ်ကြောင်းတွေက DKBA၊ BGF အကူအညီနဲ့ စစ်ကြောင်းထိုးနေတာပါ။
ဒါကြောင့် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ကြက်ခြေခတ်ကျေးရွာနဲ့ တက်တူကုန်းကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ခွဲမှူး ၂ ယောက် သေဆုံးပြီး တပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “အခုလက်ရှိကတော့ ကျနော်တို့ စကမကတော့ ဒီဘက် တပ်မဟာ ၁ ထဲကို အတင်းအဓမ္မ ပြန်လည်စိုးမိုးချင်တဲ့ ပုံစံမျိုးနဲ့ အတင်းအဓမ္မ စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ တပ်မဟာ ၁ ထဲမှာ ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖို့ရှိတယ်။ စစ်ဘေးရှောင်တွေလည်း ပိုပြီးများပြားလာဖို့ရှိတယ်။ ဒီအပြင် နှစ်ဖက် တိုက်ပွဲကြောင့် သေဆုံးတဲ့သူတွေ များပြားလာဖို့ အခြေအနေမျိုးမှာ ရှိနေတယ်”လို့ ပြောပါတယ်။
ဇူလိုင် ၆ ရက်က စစ်အာဏာရှင်တပ်ဘက်က ထပ်မံအင်အားထပ်မံဖြည့်တင်းပြီး ကြက်ခြေခတ်ကျေးရွာ၊ တက်တူကုန်းကျေးရွာ လမ်းဆုံလမ်းခွနဲ့ ရွာဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတာ ကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကြောင်းထိုးလာရင် ပြည်သူလူထုတွေက စစ်ကြောင်းမထိုးခင်တည်းက ကြောက်နေတယ်။ သူတို့ စစ်ကြောင်းထိုးလာတဲ့အခါကျတော့ ရွာမှာလည်း မနေရဲ။ အိမ်မှာလည်း မနေရဲ ဘယ်ပြေးရမှန်းလည်း မသိ။ အဲလိုမျိုးဖြစ်နေတာ။ လက်ရှိ ပြေးနေတဲ့ စစ်ရှောင်တွေက ဒီမှာတပ်(KNLA) ကာထားတော့ လုံခြုံမှုရှိတယ်။ စစ်ကြောင်းထိုးလာတဲ့ ရွာတွေကျတော့လည်း အခုလို့မျိုး ပြေးစရာနေရာမရှိ။ အဲဒီလိုမျိုး အကြောက်တရားတွေနဲ့ပဲ နေနေရတယ်။ ရွာသားတွေက ဒီလိုပဲ။ ရွာမှာလည်း မနေရဲဘူး။ မအိပ်ရဲဘူး။ သူတို့ ရှောင်တဲ့နေရာတော့ ရှောင်နေကြတယ်”လို့ ပြောပါတယ်။
လက်ရှိ မြေပြင်အခြေအနေကို တပ်မဟာ ၁ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်ထိ ဆက်သွယ်လို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်တွေက တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင်းက သဝေါသော (ချောင်းစောင့်) ကျေးရွာအနီးတဝိုက်ကို စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ၂ ရက်ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။
ဒါကြောင့် လေကြောင်းရန်ကို ထပ်မံစိုးရိမ်ပြီး သဝေါသော (ချောင်းစောင့်) ကျေးရွာအပြင် မယ်ရူခီး၊ ကော်ကာ၊ ဆောသူခီး (ကျောက်ဖျာ)၊ တယာဒေးနဲ့ ထီးဖာဒို့ စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။










