DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးတပ်များတွင် လူငယ်ထောင်ချီ စစ်သင်တန်းတက်ရောက်နေ
DVB
·
June 7, 2024
တော်လှန်ရေးတပ်များတွင် လူငယ်ထောင်ချီ စစ်သင်တန်းတက်ရောက်နေ
1 / 6
Donate to DVB

စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီတပ်လက်အောက်မှာ စစ်မှုမထမ်းလိုတာကြောင့် တော်လှန်ရေးတပ်တွေဆီမှာ သွားရောက် စစ်သင်တန်း တက်ရောက်သူ လူငယ်ထောင်နဲ့ချီပြီး ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

PDF တပ်သားသစ်တွေကို စစ်တိုက်တာတင်မဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာသင်တန်းတွေကိုပါ ပို့ချပေးနေတယ်လို့လည်း သိရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းပြီးတဲ့နောက် လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူအများစုဟာ ပြည်ပနိုင်ငံတွေအပြင်  ပြည်တွင်းက လွတ်မြောက်နယ်မြေတွေဆီကို ရွှေ့ပြောင်းလာကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (PDF) ဦးရေ ၁၀၀၀ နီးပါးကို အခြေခံစစ်သင်တန်းနဲ့ ကျွမ်းကျင်သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

တခြားစစ်ဒေသတွေမှာလည်း PDF တပ်ဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်လာသူတွေ ရှိနေပြီး အရေအတွက် ထောင်နဲ့ချီပြီး ရှိကြောင်း NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ဝင်လာတဲ့သူအကုန်လုံးကို လက်မခံနိုင်သေးဘဲ လိုအပ်တဲ့ ပမာဏကိုဘဲ လက်ခံနိုင်သေးတယ်လို့ သူက ဆက်ပြောပြပါတယ်။

ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းမှုကို စလုပ်တဲ့ အချိန်ကစပြီးတော့ တော်လှန်ရေးအင်အားစုတွေဘက်ကို PDF အနေနဲ့ ဝင်ရောက်ချင်တဲ့သူတွေ ဝင်လာတာအများကြီးရှိပါတယ်။ ကျနော်တို့ကတော့ ဝင်လာတဲ့သူအကုန်လုံးကိုတော့ လက်ခံနိုင်တဲ့အခြေအနေမရှိဘူ။ လိုအပ်တဲ့ပမာဏကိုလက်ခံပြီး သင်တန်းပေးတာတွေ စုဖွဲ့တာတွေ ဆောင်ရွက်နေပါတယ်။ တောင်ပိုင်းတိုင်းစစ်ဒေသအနေနဲ့ ၁၀၀၀ နီးပါးရှိတယ်လို့ သတင်းထုတ်ထားတာရှိပါတယ်”လို့ ပြောပါတယ်။

စစ်မှုထမ်း ဥပဒေနောက်ပိုင်း ကရင်နီပြည်နယ်ဘက်မှာလည်း ရွှေ့ပြောင်းလာသူ လူငယ်အများအပြားရှိပြီး သူတို့ကို စီမံခန့်ခွဲနေရာချဖို့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်လို့လည်း ကရင်နီပြည်နယ်က စစ်ရှောင်အရေးကူညီနေသူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

PDF တပ်သားသစ်တွေကို စစ်သင်တန်းတွေမှာ စစ်တိုက်တဲ့ပုံစံတခုတင်မဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကိုပါ သင်တန်းတွေ ပို့ချပေးနေပြီး ပြည်သူတွေအနေနဲ့လည်း ကျရာနေရာကနေ ပါဝင်ထောက်ပံ့ပေးကြဖို့ ဦးနေဘုန်းလတ်က တိုက်တွန်းပါတယ်။

“ကျနော်တို့ကတော့ တော်လှန်ရေးအတွက် တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မယ့် စိတ်ရှိတဲ့ သူမျိုးတွေကိုပဲ သေချာစိစစ်ပြီး လက်ခံဆောင်ရွက်တာဖြစ်ပါတယ်။ သင်တန်း ဆိုရင်လည်း စစ်တိုက်တဲ့ပုံစံတခုတည်းတင်မဟုတ်ပဲ လူကိုလည်းပြင်သလို စိတ်ကိုလည်း ပြင်တာပေါ့။ တပ်မတော်သားတယောက်ထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကျင့်ဝတ်တွေ ဒါတွေကို ကြပ်ကြပ်မတ်မတ်နဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့နဲ့ပေါင်းပြီး သင်တန်းတွေ သေချာပေးနေတာဖြစ်ပါတယ်။”

စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က စတင်အသက်ဝင်တယ်လို့ ကြေညာခဲ့ပြီး အပတ်စဉ် တခုကို လူ ၅၀၀၀ နဲ့ ဖွဲ့စည်းထားပါတယ်။

အခုဇွန်လအရောက်မှာတော့ စစ်မှုထမ်းအပတ်စဉ် ၃ အထိ ခေါ်ယူနေပြီဖြစ်ကာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခေါ်ဖို့ စီစဉ်နေပါတယ်။

မြတ်ကြီး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013