DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးနှင့်မြိုင်တွင် စစ်တပ်ဗုံးကြဲသဖြင့် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ ဖလမ်းဒေသခံ ၁ ဦး မိုင်းနင်းမိ
DVB
·
June 7, 2024
နွားထိုးကြီးနှင့်မြိုင်တွင် စစ်တပ်ဗုံးကြဲသဖြင့် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ ဖလမ်းဒေသခံ ၁ ဦး မိုင်းနင်းမိ
1 / 6
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ အရှေ့ဘုန်းကြီးကျောင်းကို ဇွန် ၆ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ခံစပ်ကုန်းကျေးရွာ ဒေသခံတဦးက “ဗုံး ၄ လုံးကြဲချတာ ၃ လုံးကွဲတယ်။ ဘုန်းကြီးကျောင်းပေါ် ကျတာဗျ။ ကျောင်းကတော့ လုံး၀ပျက်စီးသွားတယ်။ ဆရာတော်နဲ့ ဒီရွာသား ၂ ဦးဒဏ်ရာရတယ်။ ဆရာတော်ကတော့ ဆီးခုံထိသွားလို့ မြို့တက်ပြီးဆေးကုနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာလေယာဥ်နဲ့ ခံစပ်ကုန်းကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းကို ဗုံး ၄ လုံးကြဲချခဲ့ရာ ၃ လုံးပေါက်ကွဲပြီး မပေါက်ကွဲသေးတာ ၁ လုံး ကျန်နေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “ဗုံးမကြဲခင် အရင်ရက်တွေ တိုက်ပွဲဖြစ်တာရှိတယ်။ ဒါပေမဲ့ ဒီရွာနားမှာမဟုတ်ဘူး ဝေးတယ်။ ဒီရွာနားမှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ တမင်ကြဲသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေရဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အတွက် တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေအသုံးပြုပြီး ကျေးရွာတွေကို လေကြောင်းကနေတိုက်မှုတွေ နေ့စဥ်နဲ့အမျှ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေရတဲ့ အမျိုးသမီးငယ်တဦးဟာ ဇွန် ၅ ရက်က ထပ်မံသေဆုံးသွားလို့ သေဆုံးသူ ၅ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုသူတဦးက “ဒဏ်ရာရပြီး အရေးပေါ် ဆေးကုနေရတဲ့ ၁၂ ယောက်ထဲက ၁၈ နှစ်အရွယ် ၈ တန်းကျောင်းသူလေး ၁ ဦး ထပ်ပြီး ဆုံးသွားတာပါ။ အခုဆို သေဆုံးသူ ၅ ဦးရှိသွားပါပြီ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်က ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲချခဲ့လို့ လူနေအိမ်တွေ ပျက်စီးကာ အသက် ၅ နှစ်အောက် ကလေးငယ် ၁ ဦး အပါအဝင် ရွာခံပြည်သူ ၄ ဦး သေဆုံးခဲ့ရတာပါ။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဗုံးမကြဲခင် အရင်ရက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူး။ အကြောင်းမဲ့ကြီး ဗုံးကြဲခဲ့တာပါ။ ပြည်သူကို ရန်သူလို သဘောထားနေတဲ့ မင်းအောင်လှိုင်ရဲ့‌ေ–းတပ်ဟာ မကြာခင် ပြုတ်ပြုတ်ပြုန်းတော့မှာပါ။ ‌ေ–းတပ်ရဲ့ နေဝင်ချိန်ဟာ မကြာတော့ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ နောက်ထပ် ဗုံးကြဲမှာကို စိုးရိမ်နေတဲ့ ကံမြင့်ကုန်းကျေးရွာ ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီလို့လည်း သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကြောင်ဟဲင်းကျေးရွာက ဒေသခံပြည်သူတဦးဟာ ဇွန် ၅ ရက်က စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “စစ်သားတွေတပ်စွဲခဲ့ဖူးတဲ့ ဗားရ်စခန်း အထက်နားက သူရဲ့သရက်ခြံကို ထွက်သွားတာလေ။ သိပ်မကြာပါဘူး ပေါက်ကွဲသံကြားလိုက်ရတယ်။ အဲဒီမှာ ရွာသားတွေ သွားကြည့်ကြတော့ ခြေထောက်နှစ်ဖက်လုံးပြတ်ပြီး သေဆုံးနေတယ်” လို့ DVB ကို ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၆၂ နှစ်အရွယ် U Lian Hrang ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ရွာကိုပြန်သယ်ပြီး ဇွန် ၆ ရက်မှာ မိသားစုကပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။

ကြောင်ဟဲင်းကျေးရွာ ရွာခံတဦးကလည်း ‘အဲဒီ ဗားရ်စခန်းကို စစ်တပ်က ပြီးခဲ့တဲ့နှစ် အစပိုင်းအထိ တပ်စွဲထားခဲ့ပြီး အဲဒီစခန်းဝန်းကျင်မှာ သူတို့က မိုင်းတွေထောင်ထားခဲ့လို့ အဲဒီမိုင်းကို နင်းမိပြီး ရွာသား ၂ ယောက် သေဆုံးခဲ့ရသေးတယ်။ စစ်တပ်ကြောင့် မဆီမဆိုင်တဲ့ ပြည်သူတွေ မိုင်းနင်းမိလို့ အခု U Lian Hrang နဲ့ဆို ၃ ယောက်မြောက်ရှိပြီလေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ဗာရ်းစခန်းကို စစ်ကောင်စီတပ်ဆီကနေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013