DVB Logo
Home
မြန်မာသတင်း
လမိုင်းလူငယ်ပရဟိတအဖွဲ့ဝင် ၅ ဦးလွတ်မြောက်၊ ရေးမြို့နယ်၌ ကလေး ၃ ဦး အပါအဝင် ၅ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
DVB
·
June 7, 2024
လမိုင်းလူငယ်ပရဟိတအဖွဲ့ဝင် ၅ ဦးလွတ်မြောက်၊ ရေးမြို့နယ်၌ ကလေး ၃ ဦး အပါအဝင် ၅ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းရာကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ အတွင်းရေးမှူး ဦးနိုင်ဝင်း အပါအဝင် ၅ ဦးကို ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ စစ်ကောင်စီတပ်  ခမရ ၅၈၈ ကနေ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ထိန်းသိမ်းထားရာကနေ ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပြန်လွှတ်ပေးခဲ့တယ်လို့ လမိုင်းလူမှုကူညီရေးအသင်းနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်တဲ့သူက “ဖမ်းဆီးခံရတဲ့ အသင်းဝင် ၅ ဦးဟာ တပတ်ကျော်ကြာတဲ့အထိ ဖမ်းဆီးခံရပြီး ဖမ်းခံထိတဲ့ အချိန်မှာ တပ်ဘက်က နှိပ်စက်ရိုက်နှက်တာတွေ မလုပ်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ ကျွေးမွေးပြီး မေးစရာရှိတာ မေးတယ်။ အခု ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီလူနာတင်ယာဥ်ကားနဲ့အတူ ဗိုလ်မှူးတယောက်ကို အရေးပေါ်သွားနေတဲ့အချိန် ကားလမ်းမှာ PDF ဘက်က ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အခုလို လမိုင်းပရဟိတအသင်းဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာပါ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခကြားမှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတွေကြားမှာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပြီး အသင်းဝင်တွေ သေဆုံး ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဒေသတွင်း ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့နယ်၊ လမိုင်းမြို့ လမိုင်းလူငယ်ပရဟိတအသင်းဟာ ဇွန် ၃ ရက်ကစပြီး ရက်အကန့်အသတ်မရှိ (ယာယီ) ရပ်နားမှာဖြစ်တဲ့အတွက် အသင်းရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ လူနာများပို့ဆောင်ပေးတာ၊  တတော်တဆလူနာတွေကူညီပေးတာ၊ အောက်စီဂျင်ဖြန့်ဝေတာ၊ သွေးလှူ၊ မီးငြှိမ်းသတ်စတဲ့လုပ်ငန်းတွေအားလုံး (ယာယီ) ရပ်နားမှာ ဖြစ်ပေမဲ့ ရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမယ်လို့ လမိုင်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ရေးမြို့နယ်မှာ ဇွန် ၅ ရက်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေး ၃ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော့ကနင်အခြေစိုက် ခလရ ၁၀၆ က ည ၁၀ နာရီလောက်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ မော့ကနင်ကျေးရွာ ကာဆိပ်ပိုင်းမှာရှိတဲ့ နေအိမ်တလုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းမှာရှိတဲ့ ကလေး ၃ ဦး အပါအဝင် မိသားစု ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

မော့ကနင်ရွာခံတဦးက “ခလရ ၁၀၆ က‌ ည ၁၀ နာရီလောက်ကနေ စပြီးပစ်တာ၊ ဒီမနက်ထိ ပစ်နေတုန်းပဲ။ လက်နက်ကြီးကျတာက ကာဆိပ်က အိမ်တလုံးပေါ်ကျတာ။ မိသားစုဝင် ၅ ဦးလုံး ဒဏ်ရာရတယ်။ ၂ ဦး စိုးရိမ်ရတယ်‌ကြားတယ်။ ဘာလို့ပစ်နေလဲ ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေး ၃ ဦး အပါအဝင် မိသားစုဝင် ၅ ဦးတို့ဟာ ရေးမြို့နယ် လမိုင်းတိုက်‌နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်အခြေစိုက် ခလရ ၅၈၈၊ ၁၀၆ နဲ့ အမြောက်တပ်ရင်းတို့က ကျေးရွာတွေဘက်ကို လက်နက်ကြီး မကြာခဏ ရမ်းပစ်ခတ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013