Home
မြန်မာသတင်း
ထိုင်းရောက် MOU လုပ်သားများ ဘဏ်စာရင်းအလွဲသုံးစားပြုခံရလျှင် အကူအညီတောင်းနိုင်ဟု မြန်မာသံရုံးထုတ်ပြန် 
DVB
·
June 7, 2024

လတ်တလော ထိုင်းနိုင်ငံရောက် မြန်မာ MOU လုပ်သားတချို့ရဲ့ ဘဏ်စာရင်းနဲ့ဘဏ်စာအုပ်တွေ ကာယကံရှင်မသိဘဲ အသုံးချခံရတာ၊ ရောင်းစားခံရတာတွေ ရှိနေသလို အပြစ်မရှိဘဲ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ 

မိမိဘဏ်စာရင်းမှာ အွန်လိုင်းလောင်းကစားလုပ်သူ၊ ငွေကြေးခဝါချလိုသူတွေထံရောက်သွားပြီး အမှုဖြစ်တော့ မဆီမဆိုင် ဖမ်းဝရမ်းထုတ်ခံရတာ၊ ချုပ်နှောင်ခံရတာ၊ ထွက်ပြေး တိမ်းရှောင်နေရတာတွေ ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါအဖြစ်မျိုးတွေ ကြုံနေရတဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမား သံအရာရှိရုံးကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း၊  လာရောက်တိုင်ကြားတဲ့အခါမှာ နစ်နာသူအလုပ်သမားရဲ့ ဓာတ်ပုံပါ နိုင်ငံကူးလက်မှတ်မိတ္တူ၊ တယ်လီဖုန်းနံပါတ်၊ ဘဏ်စာရင်းဖွင့်ခဲ့တဲ့ ဘဏ်အမည်၊ နယ်မြေ၊ ဘဏ်စာရင်းဖွင့်စဉ် လိုက်ပါဆောင်ရွက်ပေးသူ ရဲ့အမည်၊ ဓာတ်ပုံတို့ကို ယူဆောင်လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

PJ  အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ MOU မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကိုရောက်ရင် ဘဏ်စာအုပ်လုပ်ပြီး ဘဏ်ငွေစာရင်းဖွင့်ရပါတယ်။ 

အဲလို ဘဏ်စာအုပ်သွားလုပ်ရာမှာ မြန်မာလုပ်သားတွေဟာ ဘဏ်လုပ်ငန်းစဉ်နဲ့ မရင်းနှီးတာကြောင့် အလုပ်ရှာပေးတဲ့ အေဂျင်စီကိုယ်စားလှယ်ပြောတဲ့အတိုင်း လိုက်လုပ်ရတယ်၊ ဒါပေမဲ့ ကိုယ်စားလှယ်တချိုက အလုပ်သမားတွေရဲ့ ဘဏ်စာအုပ်ကို သိမ်းထားတာရှိတယ်၊ တချို့ကလည်း အွန်လိုင်းလောင်းကစားလုပ်သူ၊ ငွေကြေးခဝါချလိုသူတွေထံကနေ အခကြေးငွေယူပြီး  အလုပ်သမားဘဏ်စာအုပ်ကို အသုံးချခွင့်ပြုနေတယ်။ 

အဲဒီဘဏ်စာရင်းထဲမှာ မသင်္ကာဖွယ်ရာ ငွေကြေးအဝင်အထွက်ပမာဏများပြားတာ၊ စုဆောင်းငွေ များနေတာတွေ ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက စာအုပ်ပိုင်ရှင် မြန်မာလုပ်သားတွေကို ဆင့်ခေါ်ဝရမ်းထုတ်တာတွေ၊ ဖမ်းဝရမ်းထုတ်တာတွေရှိတာကြောင့် မြန်မာသံရုံးအနေနဲ့ ဖြေရှင်းပေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အထူးသဖြင့် ထိုင်းရောက်ခါစ ထိုင်းဘာသာမကျွမ်းတဲ့  MOU အလုပ်သမားတွေဟာ ဘဏ်စာရင်းစာအုပ်အလွဲသုံးစားလုပ်ခံရကြောင်း လာရောက်တိုင်တန်းထားတယ်လို့ မဟာချိုင် အခြေစိုက် အလုပ်သမားအခွင့်ရေးမြှင့်တင်ရေးကွန်ရက်ဖောင်ဒေးရှင်း (LPN) ဒါရိုက်တာ ခွန်ဆုမ်ဖုန်း ဆာကယောက်က DVB ကို ပြောပါတယ်။ 

“ရောက်ကာစ ထိုင်းလိုဘာမှနားမလည်သေးတဲ့ တရားဝင်အလုပ်သမားတွေကို  ပွဲစားက  လုပ်အားခလွှဲပေးဖို့ဆိုပြီး ဘဏ်စာရင်းစာအုပ်ဖွင့်ခိုင်းတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ကိုယ့်ဘဏ်စာအုပ်နဲ့ ATM ကတ်ကိုမမြင်ဖူးဘူး။ လုပ်အားခကိုတော့ ငွေသားနဲ့ပဲ ရှင်းပေးတယ်၊  ဒါဟာ ပွဲစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပေါင်းပြီး ဘဏ်ကတ်အသုံးချခံရတာဖြစ်နိုင်လို့ စုံစမ်းအရေးယူပေးဖို့ ကျနော်တို့ဆီ လာတိုင်ထားကြတယ်။ လောလောဆယ် လာတိုင်ထားတဲ့ မြန်မာအလုပ်သမား ၁၃ ဦးရှိပါတယ်။ နောက်ထပ် ၁၉ ဦးလည်းလာတိုင်ဖို့ ရှိတယ်။ နောက်ပြီး မြန်မာသံရုံးမှာလည်း သွားတိုင်ထားတဲ့သူတွေရှိတယ်။”

လွန်ခဲ့တဲ့လပိုင်းကလည်း မဟာချိုင်က  မြန်မာအလုပ်သမား တယောက်ရဲ့ ဘဏ်စာအုပ်ထဲ  ပုံမှန်မဟုတ်တဲ့ငွေတွေ ဝင်လာတယ်ကာ ရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေတာ ခုထိပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ မိမိသဘောထားမပါဘဲ သူတပါးက အတင်းအကျပ် ဘဏ်စာရင်းဖွင့်ခိုင်းရင် မယုံကြည်ဖို့၊ အမည်မသိသူက မိမိဖုံးထဲပေးပို့လာတဲ့ ညစ်ညမ်း ရုပ်ရှင် ဗွီဒီယိုအပါအဝင် တခြားမက်ဆေ့ချ်တွေကို ဖွင့်မကြည့်ဖို့နဲ့ မိမိမသိတဲ့ အပလီကေးရှင်းတွေကို ဒေါင်းလုတ်မဆွဲဖို့    (LPN ) ဒါရိုက်တာက အကြံပြုပါတယ်။

ကိုးကား -  Myanmar Embassy Bangkok

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024