DVB Logo
Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ်၊ ဆန်ဒီယေဂိုမြို့တို့နှင့် ပတ်သက်သည့် ထရမ့်ပ် မှတ်ချက် ဝေဖန်ခံရ
DVB
·
October 7, 2026
Photo: REUTERS/Nathan Howard
Photo: REUTERS/Nathan Howard
Donate to DVB

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ လော့စ်အိန်ဂျလိစ်၊ ဆန်ဒီယေဂိုမြို့တွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် ပြောဆိုခဲ့တဲ့ မှတ်ချက်ကို ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကန် ပါတီဝင်တွေကပါ ဝေဖန်ခဲ့ကြပါတယ်။

နီဘရာစကာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေးပွဲအတွင်း အီရန်စစ်ပွဲကို အနိုင်ရဖို့ဆိုရင် အမေရိကန်ပြည်သူတွေ အနေနဲ့ စွန့်လွှတ်အနစ်နာခံလိုစိတ် ရှိသင့်တယ်ဆိုပြီး ထရမ့်ပ်က မိန့်ခွန်းပြောခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီနောက် ထရမ့်ပ်က အီရန်ကို ရည်ညွှန်းပြီး “သူတို့အနေနဲ့ မြို့တမြို့ကို ဖျက်ဆီးလာနိုင်ပါတယ်။ လော့စ်အိန်ဂျလိစ်အပေါ် ဖျက်ဆီးချင် ဖျက်ဆီးပစ်ပါစေ၊ ဆန်ဒီယေဂိုအပေါ် ဖျက်ဆီးချင် ဖျက်ဆီးပစ်ပါစေ၊ ဒါဟာ အလွန်နည်းပါးပြီး ပေးဆပ်ရမဲ့ တန်ကြေးပါ။ မကြာခင်မှာ အားလုံးပြီးဆုံးသွားပါလိမ့်မယ်” လို့ မှတ်ချက်ပြုပါတယ်။

လောလောဆယ် ၈ လမြောက်အထိ ရောက်လာပြီဖြစ်တဲ့ အီရန်စစ်ပွဲရဲ့ သက်ရောက်မှုတွေကို ထရမ့်ပ်က လျှော့ပေါ့ပြောဆိုခဲ့ပေမဲ့လည်း ပြည်တွင်းမှာတော့ လူထုစစ်တမ်းတွေအရ ထောက်ခံမှု ကျဆင်းနေတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ ၂၀၂၈ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်လာနိုင်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်က ထရမ့်ပ်ကို “စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေပြီး အန္တရာယ်ရှိတယ်” လို့ ဝေဖန်သွားပါတယ်။

အလားတူ ရီပတ်ဘလစ်ကန်ပါတီဝင် ဂျင်မ်ဒက်စ်မန် ကလည်း “သမ္မတထရမ့်ပ်ရဲ့  ပြောဆိုချက်တွေကို လုံးဝ သဘောမတူပါဘူး။ ဘယ်အမေရိကန်မြို့မှ အဆုံးရှုံးမခံနိုင်ဘဲ ဘယ်အမေရိကန်မိသားစုမဆို စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိခိုက်ခံစားရတာမျိုး မဖြစ်သင့်ပါဘူး” ဆို​ပြီး မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့လည်း အခုနှစ် အစောပိုင်းမှာသာ အီရန်စစ်ပွဲကို ထရမ့်ပ်က မဆင်နွှဲခဲ့ဘူးဆိုရင် အမေရိကန်မြို့ကြီးတွေ ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောခဲ့တာသာဖြစ်ကြောင်း အိမ်ဖြူတော်က ဖြေရှင်းထားပါတယ်။

တချိန်တည်းမှာပဲ အိမ်ဖြူတော် ဆက်သွယ်ရေးညွှန်မှူး စတီဗင်ချန် ကလည်း “သမ္မတကြောင့်သာ အမေရိကန်ကို ပိုပြီး လုံခြုံစေတာပါ။ အီရန်မှာ နျူကလီးယားလက်နက် မရှိဘူး၊ ရေတပ် မရှိတော့ဘူး၊ လေတပ် မရှိတော့ဘူး၊ ပြီး​တော့ ပိုက်ဆံပါ မရှိတော့ဘူး” ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

လက်ရှိ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဒီယေဂိုမြို့ နှစ်ခုစလုံးမှာ လေတပ်စခန်းတွေ၊ ရေတပ်ဆိပ်ကမ်းတွေနဲ့ အာကာသစနစ်ဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်တွေ အပါအဝင် အမေရိကန်ရဲ့ အဓိကကျတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013