DVB Logo
Home
မြန်မာသတင်း
KNU နယ်မြေမှ စစ်ကောင်စီတပ်စခန်း ၅ ခု ရုပ်သိမ်း
DVB
·
June 6, 2024
KNU နယ်မြေမှ စစ်ကောင်စီတပ်စခန်း ၅ ခု ရုပ်သိမ်း
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊  ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ (၅) နယ်မြေမှာ မေလ တလအတွင်း  စစ်ကောင်စီစစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပေါင်း ၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၅ ခု ရုပ်သိမ်းသွားခဲ့ပါတယ်။ 

နှစ်ဖက်တိုက် ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၆၀ နီးပါး သေဆုံးပြီး  KNLA ပူးပေါင်းတပ်ဘက် အနည်းငယ်သာဒဏ်ရာရရှိခဲ့တယ်လို့  KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စခန်း ၅ ခုဖြစ်တဲ့ ခမရ-၄၃၄ အခြေချတပ်စွဲနေတဲ့ ကျောက်ညှပ်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီးကျိုးစခန်းအပြင် ခမရ ၁၉ ရဲ့ လယ်တိုးစခန်းအပြင် ခမရ-၃၄၁ ရဲ့ နတ်တောင်-မောဖိုးကျိုးတပ်စခန်းတွေအပြီးအပိုင်ရုပ်သိမ်းသွားခဲ့ပြီး  ခေါပုတ်စခန်းမှာ ပြန်လည်ပူးပေါင်းပြီး အင်အား ဖြည့်တင်းကာတပ်စွဲနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေဟာ မြေပြင်စစ်ကူမရရှိတာကြောင့် ခံစစ်အနေအထားနဲ့ လေကြောင်းကို အားကိုးနေရတယ်လို့ KNLA  တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်က စစ်ရေးဖော်ဆောင်တာ မရှိသလောက်ဖြစ်ပြီး လက်ရှိအနေအထားမှာ စခန်းတွေကနေ ခံစစ်အနေအထားမှာရှိတယ်။ သူတို့ရဲ့ မြေပြင်စစ်ကူတွေက အခုထက်ထိမရသေးဘူး။ သူတို့ လေကြောင်းပစ်ကူကို နေ့တိုင်းလိုလို ပစ်ကူပေးတာကို အားကိုးနေရတယ်။”

တပ်မဟာ ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၁၀ ခုကျော်လောက် ကျန်ရှိနေပါသေးတယ်။

စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်ခဲ့ရာ တလအတွင်း ဗုံးကြီးဗုံးငယ် အလုံး ၁၀၀၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေမရှိတော့တဲ့အထိ ဆက်လက်ကြိုးစား တိုက်ခိုက်သွားမှာဖြစ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်အတွက် အသက်ဆုံးရှုံးမခံဘဲ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ လာပြီးပူးပေါင်းဖို့ ဗိုလ်မှူးကြီး စောကလယ်ဒိုက တိုက်တွန်းထားတယ်။

“စစ်ကောင်စီတပ်စခန်းတွေက စစ်အာဏာရှင်အတွက် ခုခံပေးနေတဲ့သဘော သက်ရောက်သွားပြီဖြစ်လို့ စစ်အာဏာရှင်အတွက် ရပ်တည်ပေးပြီး အသက်ပေးလှူတဲ့ သဘောမျိုးဖြစ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူအတွက်မဟုတ်တော့ဘဲ စစ်အာဏာရှင်အတွက်ဆိုတာ သဘောပေါက်ပြီး အသက်ဆုံးရှုံးမခံဘဲ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ လာပြီးပူးပေါင်းဖို့ တိုက်တွန်းချင်တယ်။”

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၈ ယောက် ထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ် ၁၆ လုံး၊ စပါးကျီ၊ စိုက်ပျိုးရေးခြံတွေပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေပါ ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ KNU ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအပြင် ကလေးတွေရဲ့ ပညာသင်ကြားရေးပါ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “ဒေသခံတွေက သေနတ်သံ မကြားရင် ပိုနေမြဲ ကျားနေမြဲပဲအတိုင်း နေတာပဲ။ အသံမကြားရင်ဘာမှ မဖြစ်ဘူး။ အသံကြားရင် ပြေးပြီ။ လွတ်ရာကို ပြေးကြတယ်။ မိုးတွင်းက အခက်အခဲဖြစ်တာကတော့ သေချာတယ်။ စားဖို့ နေဖို့ ဝတ်ဖို့ သုံးခုလုံးအပြင် ကလေးတွေရဲ့ ကျောင်းပညာရေးလည်း ရှိတယ်”လို့ ပြောပါတယ်။

ဧပြီ ၂၄ ရက်က ဖာပွန်မြို့အခြေစိုက် ခမရ  ၄၃၄ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခလရ ၁၉ အပါအဝင် တပ်ရင်း ၂ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထား ပါတယ်။

ဆက်လက်ပြီး ခမရ ၃၄၀၊ ခမရ ၃၄၁ နဲ့ ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ဝိုင်းဝန်း ပိတ်ဆို့ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013