DVB Logo
Home
မြန်မာသတင်း
TNLA ထိန်းချုပ်မြို့များတွင် အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးအုပ်ချုပ်မည်
DVB
·
June 6, 2024
TNLA ထိန်းချုပ်မြို့များတွင် အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးအုပ်ချုပ်မည်
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့မြို့တွေမှာ ၂၀၂၅ ခုနှစ်ကစပြီး အရပ်သားအုပ်ချုပ်ရေးနဲ့ အစားထိုးအုပ်ချုပ်သွားမယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

TNLA ဟာ အာဏာသိမ်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး သူတို့တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လက်ရှိထိန်းချုပ်ထားဆဲကာလမှာ အစားထိုး အုပ်ချုပ်နေပေမဲ့ ၂၀၂၅ ခုနှစ်ထဲမှာ အရပ်သားခေါင်းဆောင်တွေပါတဲ့ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းလဲ ဖွဲ့စည်းသွားဖို့ပြင်ဆင်နေပြီလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိကာလမှာ TNLA ရဲ့ ခေါင်းဆောင်ပိုင်းတွေက အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေပေမဲ့ လိုအပ်ချက်တွေများစွာ ရှိနေသေးတာကြောင့် အရပ်သားအုပ်ချုပ်ရေးကို ပြောင်းလဲပြီး တအာင်းဒေသလွတ်မြောက်ရေးနဲ့ တအာင်းဒေသပြည်သူ တွေလိုချင်နေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဖော်ဆောင်သွားမယ်လို့  ဆိုပါတယ်။

TNLA ပြန်ကြားရေးဌာနမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဗဟိုကနေတဆင့် အောက်ခြေအုပ်ချုပ်ရေးအဆင့်အထိ အရပ်သားတွေပူးပေါင်းပါဝင်မဲ့ အရပ်သားအုပ်ချုပ်မှုစနစ် TNLA လည်းပါမယ်။ အရပ်ဖက်တွေလည်းပါမယ်။ ပြီးတော့ တခြားတခြား ဒေသခံလူထုတွေလည်း ပါမှာပေါ့လေ။ အဲဒီကနေတဆင့် အကုန်လုံးပေါင်းပြီးတော့မှ သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ သွားဖို့ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။

TNLA က ပြောင်းလဲမယ့် အရပ်သားအုပ်ချုပ်ရေးစနစ်ဟာ လက်ရှိအချိန်ကာလမှာတော့ ဘယ်လို ပုံစံမျိုးဖော်ဆောင်သွားမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုလို့မရသေးဘူးလို့ ဆိုပါတယ်။

TNLA က ပြောင်းလဲဖို့လုပ်ဆောင်နေတဲ့ အရပ်သားအုပ်ချုပ်ရေးပုံစံဟာ ‘ဝ’ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးပုံစံ အတိုင်းဖြစ်လာဖို့ရှိတဲ့အတွက် တအာင်းဒေသရဲ့ခေါင်းဆောင်တွေနဲ့ တအာင်းလူထုကြား ဆက်ဆံရေးဟာ အခုထက်ပိုစည်းလုံးသွားနိုင်မယ့် အားသာချက် တွေဖြစ်လာနိုင်တယ်လို့ အဲဒီဒေသမှာနေထိုင်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

တအာင်းဒေသမှာရှိနေတဲ့ ကျေးရွာမြို့နယ်နဲ့ ခရိုင်တွေဟာ TNLA ရဲ့ တိုက်ရိုက်အုပ်ချုပ်ရေးအောက်မှာ ရှိမနေတော့ဘဲ တအာင်းလူထုက အဆင့်ဆင့်ရွေးကောက်မယ့် အရပ်ဖက်အုပ်ချုပ်ရေးအောက်ကို ရောက်လာနိုင်မယ့် ပုံစံဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ TNLA ရဲ့ အုပ်ချုပ်ရေးအောက်မှာနေထိုင်ရတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ နေထိုင်ရတာထက် ပိုမိုလွတ်လပ်မှုရှိပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ တန်ပြန် ထိုးစစ်တွေနဲ့ စစ်ပွဲတွေပြန်ဖြစ်လာမှာကိုတော့ မလိုလားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းဒေသခံတဦးက “အဲလိုလုပ်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်။ အဘက်ဘက်ကနေပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ့်အရာလေးတွေလည်း ပိုများလာမယ်လို့ ယုံကြည်ပါတယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ပေါ့ အရပ်သားပြည်သူလူထုအပေါ် ချပြသွားနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်”လို့ ပြောပါတယ်။

‘ဝ’ပြည်နယ် ငြိမ်းချမ်းစွာ ထူထောင်ရေး ၃၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ်ပေးပို့တဲ့ သဝဏ်လွှာမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မှာရှိတဲ့ ‘ဝ’ ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံက တိုင်းရင်းသားတွေထဲမှာ စံပြနမူနာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီအပြင် ‘၀’ တိုင်းရင်းသားခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ ‘ဝ’ ပြည်တပ်မတော်နဲ့ အရပ်သားတွေက  တစည်းတလုံးတည်း စည်းလုံးညီညွတ်ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာတော့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ရယူထားပြီး အုပ်ချုပ်ရေးဌာန ၁၂ ခုနဲ့  တအာင်းဒေသကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013