DVB Logo
Home
မြန်မာသတင်း
မိုးမောက်နှင့်မံစီမြို့က တိမ်းရှောင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံး
DVB
·
June 6, 2024
မိုးမောက်နှင့်မံစီမြို့က တိမ်းရှောင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မံစီမြို့နဲ့ မိုးမောက်မြို့ကနေ တိုက်ပွဲတွေကြောင့် မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျောင်းသူ/ကျောင်းသားတွေထဲမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွင်း အခက်အခဲအမျိုးမျိုးကြောင့် စာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသူ/ကျောင်းသားတွေ ရှိနေတယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ မိဘတွေကနေ သိရပါတယ်။

မံစီမြို့နဲ့ မိုးမောက်မြို့က ပြည်သူတွေဟာ မြို့သိမ်းတိုက်ပွဲစတင်တဲ့ ဧပြီ ၂၇ ရက်ကစတင်ပြီး မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရသလို မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်နေဆဲဖြစ်တာကြောင့် နေရပ်မပြန်နိုင်သေးဘဲ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

KIA ထိန်းချုပ်ထားတဲ့ ဒေသနဲ့ စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြို့တွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပေမဲ့ မိုးမောက်-လိုင်ဇာ လမ်းပေါ်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာမရှိသေးသလို တိမ်းရှောင်နေတဲ့ ပြည်သူတွေကလည်း အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းသား/ကျောင်းသူတွေကို စာသင်ကျောင်းကို မပို့နိုင်ဘူးလို့ မိုးမောက်မြို့မှ ကျောင်းသား မိဘတဦးက ပြောပါတယ်။

“ကျမတို့က မိုးမောက်အထက်ဘက်မှာ ရှောင်ကြတာပေါ့။ အစကတော့ တိုက်ပွဲခဏပဲဖြစ်မယ် ထင်ထားတာ၊ အခုလိုကြာတော့ ကလေးတွေ ကျောင်းဖွင့်ချိန်ရောက်လည်း အိမ်က ပြန်လို့မရသေး၊ မိုးမောက်မှာလည်း ဘယ်သူမှ မရှိတော့ ကျောင်းတွေလည်း ပိတ်ထားတော့ ကလေးတွေ စာလည်း မသင်နိုင်ဖြစ်နေတယ်။ အခုကျမတို့ နေတဲ့ ရွာမှာလည်း လေယာဉ်တွေနဲ့ လာပစ်တာတွေရှိတော့ စာသင်ကျောင်းတွေလည်း မဖွင့်နိုင်သေးဘူး။ အဲလိုဆိုတော့ ဒီနှစ်တော့ ကလေးတွေကို စာသင်ကျောင်း မပို့နိုင်သေးဘူးဖြစ်နေတယ်။ သူများ အဆင်ပြေတဲ့သူတွေက မိုင်ဂျာယန်၊ လိုင်ဇာဘက်ကိုပို့ပြီး ကျောင်းထားနိုင်တဲ့သူတွေတော့ ရှိတာပေါ့။ ကျမတို့ကတော့ အိမ်ကနေလည်း ပြေးနေရတယ်၊ ကလေးတွေကို တခြားကိုပို့ပြီး စာသင်ဖို့ကလည်း ပိုက်ဆံက ခက်ဆိုတော့ တိုက်ပွဲငြိမ်လို့ ကျောင်းပြန်ဖွင့်မှ ကျမကလေးတွေက စာသင်နိုင်မယ်ထင်တယ်။” 

မိုးမောက်မြို့ကနေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မိသားစုတွေကတော့ ဗန်းမောက်မြို့က စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံပြီး စာသင်ကြားနေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မံစီမြို့က ပြည်သူ‌အများစုကလည်း ဗန်းမော်မြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်တာကြောင့် စာသင်ကြားဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေ အများအပြားရှိနေတယ်လို့ မံစီမြို့ကနေ တိမ်းရှောင်နေတဲ့ ကျောင်းသား မိဘတဦးက ပြောပါတယ်။

“ကျောင်းမတက်ရတဲ့ ကလေးတွေ အများကြီးရှိတယ်၊ မူလတန်းကော၊ အလယ်တန်းကောပဲ။ တချို့ကလေးတွေ မြို့ပေါ်တက်ပြီး သွားတက်တဲ့ သူတွေတော့ရှိတယ်၊ တချို့တဝက်က နီးစပ်တဲ့ ကျေးရွာတွေမှာ နေနေရတော့ အဲရွာတွေမှာလည်း ကျောင်းကမဖွင့်ဆို့တော့ စာသင်နိုင်ဘူး။ မိဘတွေကလည်း ကလေးတွေ စာသင်နိင်ဖို့ ရတဲ့နည်းနဲ့တော့ ကြိုးစာကြတာပဲ၊ အဆင်မပြေလို့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေလည်း အများကြီး။” 

မိုးမောက်နဲ့ မံစီမြို့အပြင် လိုင်ဇာနဲ့ မိုးမောက်ကြားက KIA သိမ်းပိုက်ထားတဲ့ ဒေါ့ဖုန်းယန်၊ နွမ်လန်၊ မြိုသစ်၊ ကုန်းလော ကျေးရွာတွေမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိတာကြောင့် ကျောင်းဖွင့်လှစ်တာတွေ မရှိသေးဘူးလို့ ဒေါ့ဖုန်းယန် ဒေသခံတဦးက ပြောပါတယ်။

ဗန်းမော်မြို့ပေါ်က ဗန်းမော်တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာ ကျောင်းသူ/ကျောင်းသားတွေကလည်း တက္ကသိုလ်ကျောင်းတွေမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာကြောင့် မြို့ပေါ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပြုလုပ်နေတာရှိသလို စာသင်ကြားဖို့အတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မိုးမောက်နဲ့မံစီ မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေမှာ နှစ်ဖက် တိုက်ခိုက်မှုတွေ ငြိမ်နေပေမဲ့လည်း KIA UY တပ်စခန်း ပတ်ဝန်းကျင်မှာ နေရာယူထားဆဲဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေကနေ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013