DVB Logo
Home
မြန်မာသတင်း
လမိုင်းမြို့ပရဟိတအဖွဲ့ဥက္ကဋ္ဌ အပါအဝင် ၅ ဦးနှင့် ကျိုက်ထိုတွင် ၂ ပတ်အတွင်း အမျိုးသား ၃၀ ခန့် ဖမ်းဆီးခံရ
DVB
·
June 6, 2024
လမိုင်းမြို့ပရဟိတအဖွဲ့ဥက္ကဋ္ဌ အပါအဝင် ၅ ဦးနှင့် ကျိုက်ထိုတွင် ၂ ပတ်အတွင်း အမျိုးသား ၃၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးနိုင်ဝင်း အပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၉ ရက်မှာ ခမရ ၅၈၈ အဖွဲ့က လာရောက်ဖမ်းဆီးကာ စစ်တပ်ထဲမှာ ထိန်းသိမ်းထားပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပရဟိတအသင်းနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကားတိုက်ခံရတဲ့ ခမရ ၅၈၈ က အရာရှိလမိုင်းဆေးရုံကနေ မော်လမြိုင်ကို အဲဒီ ပရဟိတကားက  သွားပို့ပေးရတယ်။ နှစ်ကရင်လမ်းဆုံရောက်တော့ တော်လှန်ရေးအဖွဲ့က အဲဒီအရာရှိကို ဖမ်းသွားတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုက်တယ်”  လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အသင်းဝင် ၅ ဦးဟာ တပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေးတာကြောင့်  ဖမ်းဆီးခံရတဲ့သူတွေရဲ့အခြေနေကို မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခကြားမှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတွေအနေနဲ့ အခက်အခဲပေါင်း များစွာ ရင်ဆိုင်နေရပြီး အသင်းဝင်တွေ သေဆုံး၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဒေသအတွင်း ပရဟိတသမားတွေက ပြောပါတယ်။

အခုလိုဖြစ်စဉ်ကြောင့် ဇွန် ၃ ရက်ကစလို့ လမိုင်းမြို့ လမိုင်းလူငယ်ပရဟိတအသင်းရဲ့ လုပ်ငန်းတွေ အားလုံးကို  ရက်အကန့်အသတ်မရှိ (ယာယီ) ရပ်နားမယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း ၂ ပတ်အတွင်း စစ်တပ်က အမျိုးသား ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး တဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းနားမှာ မေ ၂၂ ရက်က ရာအိမ်မှူး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘိုက္ကားအခြေစိုက် ခလရ ၂ စစ်သားတွေနဲ့ ရဲတွေက လုံခြုံရေးတင်းကျပ်ပြီး အမျိုးသားတွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့တာပါ။

ကျိုက်ထိုမြို့ခံတဦးက “ရဲစခန်းနဲ့ကိုက် ၁၀၀ တောင် မကွာတဲ့နေရာမှာ ရာအိမ်မှူးကို သေနတ်နဲ့ လာပစ်သွားတာ မကျေနပ်လို့ ခလရ ၂ က စစ်သားတွေဦးဆောင်ပြီး မြို့ထဲမှာအဖမ်းအဆီးလုပ်တာ။  PDF တွေက ဆိုင်ကယ် ၂ ယောက်စီးပြီး လာတယ်ဆိုပြီး သတင်းရလို့ ဆိုင်ကယ် ၂ ယောက်စီးတဲ့သူတွေကို အဓိကထားဖမ်းခံရတာ။ စဖမ်းကတည်းက ဟုတ်ဟုတ်မဟုတ်ဟုတ် အရင်ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ပတ်သက်မှုရှိမရှိ ဖုန်းစစ်ဆေးပြီး ပတ်သက်မှုရှိပါက စစ်ကြောရေးခေါ်သွားပြီး ပတ်သက်မှုမရှိပါက ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“PDF တွေနဲ့ ဆက်သွယ်တာ‌တို့၊ သတင်းပေးတာတို့ရှိရင် အချုပ်မှာမထားဘဲ တခါတည်း ၄၄ စစ်တပ်ထဲ ခေါ်သွားတယ်။ တကယ်လို့ မပတ်သက်ဘူး ဘာမှမရှိဘူးဆိုရင် ပိုက်ဆံတောင်ပြီး ပြန်လွှတ်တာရှိသလို ဆိုင်ကယ် ၂ ယောက်စီးမှုနဲ့ တခါတည်း သထုံ ဈေးမသွယ်ထောင် ပို့တာလည်း ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ကျိုက်ထို ကော့စနိုင်ရပ်ကွက်မှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်သားတွေက အရက်ထိုင်သောက်နေတဲ့ အမျိုးသားတဦးကို ပစ်သတ်ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးကို တယောက် ၁၈၀,၀၀၀ စီ တောင်းကြောင်း၊ သေဆုံးသွားတဲ့ အမျိုးသားကိုတော့ မတော်တဆဖြစ်ပြီး သေဆုံးသွားတာဆိုပြီး လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို အပြန်အလှန် ဖမ်းဆီးမှုတွေလည်းရှိနေပြီး စစ်ကောင်စီက မြို့တွင်းလုံခြုံရေးတင်းကျပ်ကာ ဆိုင်ကယ် ၂ ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013