DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်နှင့် ပဲခူးရိုးမတွင် စစ်တပ်က အရပ်သားများကို  ဖမ်းဆီးသတ်ဖြတ်
DVB
·
June 5, 2024
ခင်ဦးမြို့နယ်နှင့် ပဲခူးရိုးမတွင် စစ်တပ်က အရပ်သားများကို  ဖမ်းဆီးသတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ  ဇွန် ၃ ရက် မနက် ၈ နာရီခွဲလောက်က စစ်သား ၂ ဦး ပစ်သတ်ခံရပြီး စစ်တပ်က အရပ်သား တဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကာ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ခင်ဦးမြို့ပေါ်နေ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရပြီးနောက် မနက် ၁၁ နာရီဝန်းကျင်ခန့်က ခင်ဦးမြို့၊ အောင်သီရိရပ်ကွက် သင်္ချိုင်းကုန်းအနီးမှာ ပစ်သတ်ခဲ့တာလို့လည်း သိရပါတယ်။

ခင်ဦးမြို့ပေါ်နေ ပြည်သူတဦးက “ပစ်သတ်ခံရတဲ့သူက ဖိုးချစ် (ခ) ချစ်ဆန်းမောင်၊ အသက် ၃၇ နှစ်ပါဗျ။ နေရပ်က ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်ကပါ။ ဘာကြောင့်ပစ်ခတ်ခံရတာလဲဆိုတော့ ဖိုးချစ်က သူ့ရဲ့ လယ်တောကို သွားကြည့်ရင်း စစ်တပ်က ပစ်သတ်သွားတယ်။ ကျနော်တို့အထင်ကတော့ စစ်သား ၂ ဦး မနက်ခင်းပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်က မြို့ထဲအထိ ဝင်ပစ်သတ်တာကို မကျေနပ်ဖြစ်ပြီး အခုလို အရပ်သားကို ပစ်သတ်တာလို့ပဲ မြင်မိတယ်။ မြို့ပေါ်က အရပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းသွားကြတယ်။ ဒီနေ့ ဇွန် ၄ ရက်နေ့ မနက်ခင်းပိုင်းတော့ ၂ ယောက် ပြန်လွှတ်ပေးတယ်။ ကျန်တဲ့သူတွေတော့ ပြန်လွတ်မလာသေးဘူး” လို့ ပြောပါတယ်။

ဇွန် ၃ ရက် မနက် ၈ နာရီက ပစ်သတ်ခံရတဲ့ စစ်သား ၂ ဦးထဲက ၁ ဦးဟာ ၃ ပွင့် ဗိုလ်ကြီးဖြစ်ပြီး ကျန်တဦးမှာ တပ်သားဖြစ်တယ်လို့လည်း ခင်ဦး‌‌မြို့ပေါ်နေ ဒေသခံတွေက ပြောပါတယ်။

စစ်သား ၂ ဦး ပစ်သတ်ခံရပြီး စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးသွားတာကြောင့် ဒေသခံတွေ ထပ်မံဖမ်းဆီးခံရမှာ ကြောက်ကြတာကြောင့် အိမ်အပြင်မထွက်ရဲကြဘူးလို့လည်း သိရပါတယ်။

ပဲခူးတိုင်း၊ ပဲခူးရိုးမအတွင်းမှာလည်း မေ ၂၅ ရက် နောက်ပိုင်းကစလို့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး ပဲခူးရိုးမအတွင်းက ရွာတွေအားလုံး စစ်ဘေးရှောင်နေရတဲ့အပြင် စစ်ကောင်စီက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်ခံရသူ ၉ ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။

မေ ၂၇ ရက်က ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအုပ်စု ၈ မိုင် ညာတေးရွာ‌နေ ကိုမှင်ဇာ၊ ဦးတာဖိုးတေနဲ့ သား၊ ၁၂ မိုင်နေ ကိုဖိုးကုလားလေး၊ ကိုမိုးဒီနဲ့ သား ၂ ဦး၊ ရွှေတောင်တန်းရွာနေ ဒေသခံတဦး အပြင် မေ ၂၉ ရက်ကလည်း မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာနေ ကိုဝင်းဌေး ဆိုသူတို့ကို စစ်ကောင်စီဘက်က သတ်ဖြတ်ခဲ့တာလို့ ပဲခူးရိုးမအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။

“ဖမ်းသွားတာက အယောက် ၂၀ လောက်တော့ရှိမယ်။ ဖမ်းသွားတဲ့သူတွေကို စကစတွေက သူတို့ယူနီဖောင်းဝတ်ခိုင်းပြီး ရှေ့ကသွားခိုင်းတယ်တဲ့။ ၁၂ မိုင်က ဒေါ်သန်းအေးသား ဖိုးကုလားလေးဆိုတဲ့ ကောင်လေးကို ဖမ်းခေါ်သွားတာ လမ်းမှာ ထွက်ပြေးလို့ဆိုပြီး ပစ်သတ်လိုက်တယ်။”

စစ်ကောင်စီက ကျေးရွာနေဒေသခံတွေကို ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်ပြီး သေဆုံးသူထံက ပစ္စည်းတွေပါ ယူဆောင်သွားတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဆိုင်ကယ်အစီး ၃၀ နဲ့ ရိက္ခာသယ်ကား ၂ စီး ဆုံးရှုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ပဲခူးရိုးမအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “မင်းလှ၊ စမ်းဘုတ်ကျေးရွာက ကိုဝင်းဌေးက ပဲခူးရိုးမထဲကို သစ်တိုက်ဖို့ ဆိုင်ကယ်နဲ့သွားတုန်း လမ်းမှာ စစ်ကောင်စီက ဖမ်းပြီး ကိုဝင်းဌေးမှာပါတဲ့ ပိုက်ဆံတွေနဲ့ ဖုန်းကို ယူသွားတယ်။ ပြီးတော့ ဆိုင်ကယ်ကို ထုရိုက်ဖျက်ဆီးပြီးမှ ငပွေးကြီးချောင်းဆုံမှာ သတ်ပြီးထားခဲ့တာ” လို့ ပြောပါတယ်။

မိသားစုဝင်တွေက အသတ်ခံရသူတွေရဲ့ အလောင်းတွေကို ပြန်မရတဲ့အပြင် အခုအချိန်ထိလည်း ကျန်အဖမ်းခံရသူတွေရဲ့ သတင်း မကြားရဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးရိုးမအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013