Home
မြန်မာသတင်း
နှစ်ပေါင်း ၃၀ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံး
DVB
·
June 5, 2024

ကယန်းပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင်တော်လှန်ရေး အနှစ် ၃၀ ကာလအတွင်း ဗဟိုကော်မတီဝင် ၅ ဦး အပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၅၀၂ ဦးကျဆုံးသွားခဲ့တယ်လို့  ပါတီခေါင်းဆောင်က ပြောပါတယ်။

ဇွန် ၄ ရက်မှာ ကျရောက်တဲ့ ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ နှစ် ၆၀ ပြည့် အခမ်းအနားတရပ်ကို ဇွန် ၄ ရက် မနက်ပိုင်းက ဖယ်ခုံမြို့နယ်၊ ဆီးဘူးမြို့အနီးမှာရှိတဲ့ ကယန်းပြည်သစ်ပါတီဌာနချုပ် အပါအဝင် ကယန်းဒေသတွင်းနေရာ ၆ နေရာမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ စစ်ရေးပြတာ၊ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်၊ ကယန်းပြည်သစ် တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်အိုင်နော်ထားနဲ့ ကယန်းပြည်သစ်တပ်မတော် စစ်ရေးချုပ် ဦးငိန်းမြားနိုရဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြပါတယ်။

ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်က ပေးပို့တဲ့ မိန့်ခွန်းကို ကိုယ်စားလှယ်တဦးက ဖတ်ကြားရာမှာ “ကယန်းပြည်သစ်ပါတီအနေနဲ့ ဒီအနှစ် ၃၀ အတွင်း ပြည်လည်ကြည့်တဲ့အခါ ဗဟိုကော်မတီဝင် ၅ ဦး အပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၅၀၂ ဦး ကျဆုံးသလို မတရားအနိုင်ကျင့်ခံရ၊ ထောင်ထဲ အသက်ပေးရ၊ တောထဲတောင်ထဲ အသက်ပျောက်ရ၊ လူမမြင်သူမမြင် အကြမ်းဖက်စော်ကားခံရတဲ့ ကယန်းအမျိုးသား အမြောက်အမြား ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ခုနှစ်၊ ဇွန် ၄ ရက်မှာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာတော့ နဝတအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးယူတဲ့ နှစ် ၃၀ အချိန်ကာလမှာလည်း ကယန်းဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသတွင်း လမ်းတံတားတည်ဆောက်တာ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်တွေ အပါအဝင် လတ်တလော ဖော်ဆောင်နေတဲ့ ကယန်းအမျိုးသား ပညာရေးတက္ကသိုလ်လုပ်ငန်းတွေဟာ သေနတ်သံမထွက်ရဘဲ အသက်မစွန့်ရဘဲနဲ့ ကယန်းအမျိုးသားတို့ရဲ့ အနာဂတ်အတွက် အခြေခံတည်ဆောက်မှု လုပ်ငန်းတွေပါ ဖော်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုက ပေးပို့တဲ့ မိန့်ခွန်းကို ကိုယ်စားလှယ်တဦးက ဖတ်ကြားရာမှာ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီအုပ်စုက နိုင်ငံတော်အာဏာကို မတရားလုယူ၊ သိမ်းယူပြီး စစ်အာဏာစနစ်ဆိုးကြီးကို ပြန်လည်အသက်သွင်းခဲ့တာကြောင့် တနိုင်ငံလုံးရှိ ပြည်သူတွေက မခံမရပ်နိုင်တော့ဘဲ နိုင်ငံအနှံ့အပြား နည်းလမ်းပေါင်းစုံနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါတွေကြောင့် နွေဦးတော်လှန်ရေးကြီးက ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးယူကာ ရရာလက်နက်ကို စွဲကိုင်ပြီး ခုခံတော်လှန်လာခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးကြီးကနေ အပြစ်မဲ့ လူမျိုး၊ ပြည်သူတွေဟာ များစွာ အသက်ပေး စတေးခဲ့ရပြီး အိုးမဲ့၊ အိမ်မဲ့၊ မိဘမဲ့သည်အထိ ဘဝပျက်ခဲ့ကြရပါတယ်။ ဒါ့ကြောင့် မိမိတို့ ကယန်းပြည်သစ် တပ်မတော်သားတိုင်းက မိမိတို့ ဒေသတွင်း စစ်ဘေး၊ စစ်ဒဏ်ခံရတဲ့ ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသက လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ လိုအပ်မှုများကိုလည်း တတ်နိုင်တဲ့ဘက်မှ ကူညီစောင့်ရှောက်ပေးကြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ကယန်းပြည်နယ် ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေပြီး ကယန်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဉပဒေ စတုတ္ထမူကြမ်းကိုလည်း ရေးဆွဲပြင်ဆင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Khoon Kalaifree

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024