DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံများလွတ်မြောက်ရေး ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များနှင့် ကယန်းပြည်သစ်ပါတီတို့ ဆွေးနွေးမည်
DVB
·
May 20, 2025
ဖမ်းဆီးခံများလွတ်မြောက်ရေး ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များနှင့် ကယန်းပြည်သစ်ပါတီတို့ ဆွေးနွေးမည်
Donate to DVB

ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီဝင် ၁၅ ယောက်နဲ့ ကယန်းပြည်သစ်ပါတီ တာဝန်ရှိသူတွေ ဒီကနေ့ မေ ၂၀ ရက်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ပရာဒေါင်းဆွေမျိုးစုကော်မတီဆီက သိရပါတယ်။ 

မေ ၁၉ ရက်မှာ ကယန်းပြည်သစ်ပါတီက ဗဟိုကော်မတီအစည်းအဝေး လုပ်ခဲ့ပြီး နောက်တရက်မှာ ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီဝင် ၁၅ ယောက်နဲ့ ကယန်းပြည်သစ်ပါတီဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။

ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက လူငယ်တယောက်က “သူတို့ ဖမ်းဆီးထားတဲ့ ကျနော်တို့ ဆွေမျိုးစု ခေါင်းဆောင်တွေ ရှမ်း-ကရင်နီနယ်စပ်အနီးက နှင်းဆီကုန်းစခန်းကနေ ကယန်းပြည်သစ်ပါတီဗဟိုဌာနချုပ် ဆီဘူးကို ပြန်ရောက်လာပြီ။ ဒါပေမဲ့ သူတို့ကတော့ လူကို ပြန်လွှတ်ပေးခြင်း မရှိသေးဘူးပေါ့နော်။ ဆက်လက်ထိန်းသိမ်းထားမယ့် သဘောမှာရှိတယ်။ မနက်ဖြန်ကျမှ ကျနော်တို့လူတွေကို လွှတ်ပေးမလား၊ မလွှတ်ပေးဘူးလားဆိုတာ တချက် စောင့်ကြည့်ရဦးမယ်”လို့ ပြောပါတယ်။

နှစ်ဖက်ဆွေးနွေးပွဲမှာ ကယန်းပြည်သစ်ပါတီဘက်က ဘယ်လို တောင်းဆိုလာမယ် ဆိုတာကိုတော့ မသိရသေးပေမဲ့လို့ ဖမ်းဆီးခံရသူ ဆွေမျိုးစုခေါင်းဆောင် ၄ ယောက်ရဲ့ အသက်အန္တရာယ် ဘေးကင်းဖို့၊ ပြန်လွှတ်ပေးဖို့ ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီက ပြောဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

ကယန်းပြည်သစ်ပါတီရဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကယန်းပြည်သစ်ပါတီ လူငယ်တွေဘကေကပေးပို့တဲ့ အိတ်ဖွင့်ပေးစာတွေကို ဖတ်ကြားပြီး လေးပွင့်ကြယ်ကုမ္ပဏီ ဥက္ကဋ္ဌကို ဖိအားပေးတာတွေရှိခဲ့တဲ့အပြင် ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကယန်းပြည်သစ်ပါတီဘက်ကို DVB က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ 

ပရာဒေါင်းဆွေမျိုးစုကော်မတီရဲ့ မေ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ ပရာဒေါင်းဆွေမျိုးစု တာဝန်ရှိသူတွေ ဖမ်းဆီးခံရပြီး ဒီနေ့အထိ လွတ်မြောက်လာတာမရှိသေးဘဲ အဆက်အသွယ်လည်း မရတာကြောင့် သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေတယ်လို့ ထုတ်ပြန်ထား ပါတယ်။

အဲဒီလုပ်ရပ်ဟာလည်း ပရာဒေါင်းဆွေမျိုးစုနဲ့ ဒေသခံတွေရဲ့ ပြည်သူလူထုရဲ့ သဘောထားကို လျစ်လျူရှုရာရောက်သလို ကယန်းပြည်သူလူထုအားလုံးကို ခြိမ်းခြောက်တဲ့လုပ်ရပ် ဖြစ်လို့ ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆွေမျိုးစုခေါင်းဆောင်တွေကို မနေ့ညနေ ၄ နာရီ နောက်ဆုံးထားပြီး အမြန်းဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာတွေ့ရပါတယ်။

မြင်းမထိတောင်မှာ သတ္တုတူးနေတာကို ပရာဒေါင်းဆွေမျိုးစုတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပေမဲ့ ကယန်းပြည်သစ်ပါတီက ဆွေမျိုးစုခေါင်းဆောင်တွေကို ဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။ 

ဆွေမျိုးစုခေါင်းဆောင် ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် မေ ၁၇ ရက်မှာ ခဏတာတွေ့ခွင့်ရခဲ့ပေမဲ့ ကယန်းပြည်သစ်ပါတီဘက်က ဒီနေ့အထိ ထပ်မံတွေ့ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူ ၄ ယောက် ပြန်လွှတ်ပေးဖို့ကိုလည်း ကယန်းပြည်သစ်ပါတီဝင် လူငယ်တွေက အိတ်ပွင့်ပေးစာပေးတာ၊ ဘာသာရေးအဖွဲ့တွေက အိတ်ဖွင့်ပေးတာ၊ ကယန်းမျိုးဆက်သစ်လူငယ် (KNGY) နဲ့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တို့ကလည်း ထုတ်ပြန်ချက် အသီးသီး ထုတ်ပြန်တောင်းဆိုထားတာ ဖြစ်ပါတယ်။  

မြင်းမထိတောင်ဟာ ပရာဒေါင်းဆွေမျိုးစုတွေ ပိုင်ဆိုင်တဲ့တောင် ဖြစ်ပေမဲ့ လေးပွင့်ကြယ်ကုမ္ပဏီက လူထုဆန္ဒသဘောထားမပါဘဲ တရုတ်မစ္စတာဝမ်ကုမ္ပဏီနဲ့ ခဲသတ္တုအကြီးစားလုပ်ငန်း တူးဖော်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စက်ယန္တရားကြီးတွေရောက်လာမှ ဒေသခံတွေကသိရတာလို့ ဆိုပါတယ်။ 

အဲဒီနောက် ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် လုပ်ငန်းကို ပြန်ရပ်နားလိုက်တာကနေ ဒီနှစ် ဧပြီလမှာ ပြန်လည်လုပ်ကိုင်ပြီး မြန်မာ-ထိုင်းနယ်စပ် BP 13၊ BP 14 တို့ကနေ သတ္တုတွေကို တင်ပို့ခဲ့တာရှိတယ်လို့ သိရပါတယ်။

ပရာဒေါင်းလူငယ်တယောက်က “အဲဒါကို လူထုက လက်မခံနိုင်လို့ ညှိနှိုင်းပေးဖို့စာပို့ပြီး ပရာဒေါင်းဆွေမျိုးစုဘက်ကနေ တောင်းဆို တာပါ။ဒါကို လိုက်လျောမပေးတော့ ဆန္ဒပြမှုထိဖြစ်သွားတာပါ”လို့ ပြောပါတယ်။ 

ကယန်းပြည်သစ်ပါတီ(KNLP)ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ပြီး ကယား ပြည်နယ် အထူးဒေသ ၃ ကို ထိန်းချုပ်အုပ်ချုပ်ခွင့်ရရှိခဲ့လို့ သစ်ထုတ်လုပ်ရေးနဲ့ သတ္တုတူးဖော်ခွင့်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် KNLP ဟာ စစ်တပ်နဲ့ ပူးပေါင်းတာတွေရှိခဲ့ပြီး ပြည်သူ့စစ်အသွင်ဖြစ်လာခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ပေမဲ့ KNLP ဘက်က ငြင်းဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်ကြားမှာသာ နေထိုင်ခဲ့ပေမယ့် KNLP ရဲ့ ရှေ့တန်းစခန်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်ပါတီကြောင့် အခက်အခဲဖြစ်ရတာတွေလည်း ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ နေပြည်တော် PDF စစ်ကြောင်းမှူး ၁ ယောက် ကယန်းပြည်သစ်ပါတီနယ်မြေမှာ အသတ်ခံရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013