
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာ မြင်းမထိတောင်မှာ သတ္တုတူးဖော်နေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုနေတဲ့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ကိုအောင်နိုင်စိုး ၊ နာယကဦးဘမောင်နဲ့ လူငယ်အတွင်းရေးမှူး ကိုမင်းနိုင်တို့ကို ကယန်းပြည်သစ်ပါတီက မေ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်လောက်က သိကျိတ်ကျေးရွာမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနဦး သတင်းရရှိပါတယ်။
သိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်မှာ ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင်ရဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ မစ္စတာဝမ် တရုတ်ကုမ္ပဏီတို့က အကြီးစား သတ္တုတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတာနဲ့ပတ်သက်လို့ ဌာနေတိုင်းရင်းသား ပရာဒေါင်းဆွေမျိုးစုတွေက အခုနှစ် မေလပိုင်းက စတင်ပြီး ကန့်ကွက်နေကြတာပါ။
ပရာဒေါင်းလူမျိုးစုဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ဌာနေတိုင်းရင်းသားဒေသခံ ပြည်သူတွေက ကယန်းပြည်သစ်ပါတီကို အခုလက်ရှိ ချီတက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကယန်းပြည်သစ်ပါတီ(KNLP) ဥက္ကဋ္ဌကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။