
ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးနယ်မြေဒေသတွေအတွင်း မည်သည့်အဖွဲ့အစည်းကမျှ အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ တခြားကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဖို့နဲ့ ဝင်ရောက်နှောင့်ယှက်ရင် ဆန့်ကျင်ကာကွယ်သွားမယ်လို့ ကယန်းပြည်သစ်ပါတီ (KNLP) ဗဟိုကော်မတီက စက်တင်ဘာ ၁၅ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ Stakeholders အစည်းအဝေး သဘောတူညီချက်အရ “ကရင်နီပြည်အတွင်းက အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသတွေကို လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်ခြင်း မပြုရ” လို့ ဆုံးဖြတ် အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ သဘောတူညီမှု ဆုံးဖြတ်ချက်အတိုင်း မိမိတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်းကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်တဲ့ ဘယ်လုပ်ရပ်တွေကိုမဆို ဆန့်ကျင်ကာကွယ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။











