DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် ခ.လ.ရ ၅၈ တပ်ကို စစ်ကူများရောက်ရှိ၊ စစ်ရေးပြင်ဆင်နေ
DVB
·
June 4, 2024
ဝိုင်းမော် ခ.လ.ရ ၅၈ တပ်ကို စစ်ကူများရောက်ရှိ၊ စစ်ရေးပြင်ဆင်နေ
Donate to DVB

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်တခုသာ ခြားထားတဲ့ ဝိုင်းမော်မြို့ရှိ ခ.လ.ရ ၅၈ တပ်ကို စစ်ကူတွေရောက်ရှိနေပြီး စစ်ရေးပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်မှာ ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် ရွှေညောင်ပင် ခမရ ၃၂၁ အပါအဝင် တပ်စခန်း ကြီး၊ ငယ်တွေကို သိမ်းပိုက်ထားပါတယ်။

ဒါကြောင့်ပဲ ဝိုင်းမော်မြို့မှာတခုတည်းကျန်ရှိတဲ့ ခ.လ.ရ ၅၈ တပ်ရင်းကို စစ်ကောင်စီဘက်က နံပတ်အပူး ဘက်တံဆိပ်ကပ်ထားတဲ့ စစ်ကူတပ်သားတွေပေးပို့နေပြီး  တန်ပြန်ထိုးစစ်အတွက် စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံ စစ်ရေးနားလည်သူတဦးက “ အနှစ်ချုပ်ပြီးပြောမယ်ဆိုရင်တော့စစ်ကြောင်းထိုးမယ်။ အဲဘက်ကို တပ်ရင်းတွေလည်း ပို့ထားပြီးပြီ။ ဒါပေမဲ့ သူတို့က လောလောဆယ် အဲဒီစစ်ကြောင်းက ဘယ်မှာပဲ ရှိသေးလဲဆိုရင် ၅၈ ထဲမှာပဲရှိသေးတယ်။ အဲတော့ ဝိုင်းမော်မြို့ထဲမှာပဲရှိသေးတယ်။ မြို့ထဲကနေ မြို့ပြင်ကို မထွက်ရဲဘူးသူတို့။ ဘာလို့လဲဆိုတော့ မြို့ပြင်မှာထွက်ပြီဆိုတာနဲ့ ပစ်ပြီ။ အဲလိုမျိုး။ အဲတော့ KIA ကလည်း မြို့ထဲကိုဝင်ဖို့ အသင့်အနေအထားမှာရှိတယ်။”

စစ်ကောင်စီဘက်က ဝိုင်းမော်မြို့စွန်တွေက လူမရှိတဲ့နေအိမ်တွေမှာ တပ်စွဲ နေရာယူထားတာတွေရှိသလို ဒေသခံတွေ စစ်ရှောင်ပြီးနောက်ပိုင်း မြို့ထဲမှာ ခိုးယူဖောက်ထွင်းတာတွေ ဖြစ်ပွားနေတယ်လို့ တခြားမြို့ခံတဦးကလည်း DVB ကိုပြောပါတယ်။

အခုချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ရှိပေမယ့် ဝိုင်းမော်ထဲမှာ စစ်ကြောင်းထိုးလို့ မြေပြင်တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ KIA ဘက်က အတည်ပြုပါတယ်။

KIO/ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက“ ဝိုင်းမော်မြို့နယ်ဘက်မှာလည်း အဲလိုပါပဲ ရွှေညောင်ပင်ဘက်မှာ စကစ ဘက်က လေကြောင်းနဲ့ပစ်တာတွေ၊ လက်နက်ကြီးနဲ့ မပခ ကနေ ပစ်တာတွေတော့ရှိတယ်။ မြေပြင်ကတော့မရှိဘူး။ မြေပြင်နဲ့ စစ်ကြောင်းတွေ ထိုးတာတော့မတွေ့ရပါဘူး။ ဒါပေမဲ့ ခုနကပြောသလို လေကြောင်းနဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေတော့ရှိတယ်။ ခုထိကတော့ မြေပြင်ကနေ ခြေလျင်ထိုးတာတွေတော့ မတွေ့ရသေးပါဘူး။”

ဝိုင်းမော်မြို့နဲ့ ၃ မိုင်အကွာက ရွာတရွာမှာ KIA ဦးဆောင်တဲ့တပ်တွေ နေရာယူထားပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်  မြို့နဲ့ ၁ မိုင်အကွာမှာ စစ်ကောင်စီဘက်က တပ်စွဲထားတယ်လို့ ဝိုင်းမော်မြို့ခံက ပြောပြပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းကို အခုချိန်ထိပိတ်ထားပြီး ဝိုင်းမော်-မြစ်ကြီးနားကတော့ အစစ်အဆေးများပေမဲ့ ဒေသခံတွေ ကူးလူးသွားလာနေကြတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ခံတဦးက “တမြို့လုံးပဲ ပြောရတော့မယ်။ အကုန်လုံးပဲ ရင်တထိတ်ထိတ်နဲ့ နေနေကြတယ်။ ပြီးတော့ အဲဒီမှာ နေလို့မရဘူး။ အကုန်လုံးက ရှောင်မယ့်နေရာ လိုက်ရှာနေကြတယ်။ စစ်သားတွေနေတဲ့ဟာနဲ့ နည်းနည်းဝေးတဲ့ သူတွေကတော့ အိမ်စောင့်နေကြသေးတာပေါ့။ ဒါပေမဲ့ ဟိုတလောကတော့ လက်နက်ကြီးသံ တအားကြားတော့ အားလုံးလိုလိုက တံခါးတွေပိတ်ထားပြီးမှ ထွက်သွားကြတာပေါ့။ အခုတော့ မြို့မှာတော့ တော်တော်များများတော့ ပြန်လာကြပြီ။ ဒါပေမဲ့ စစ်ပွဲကမပြီးသေးဘူး။ စောင့်နေကြတယ်။ ဘယ်အချိန်တိုက်မလဲ”လို့ ပြောပါတယ်။

ဝိုင်းမော်မြို့ပေါ်မှာလည်း မြို့မရဲစခန်းရှိတဲ့လမ်းနဲ့ တချို့နေရာတွေကို စစ်တပ်ဘက်က အဝင်အထွက်ပိတ်ထားပြီး ဌာနဆိုင်ရာရုံးတွေကတော့ မြစ်ကြီးမြို့ပေါ် ပြောင်းရွှေ့သွားကြတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်း တိုက်ပွဲတွေ ရပ်နားနေတာကြောင့် မြို့ခံတချို့ နေရပ်ပြန်တာရှိပေမယ့် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၀၀၀၀ ကျော်ထဲက အများဆုံး ၃၀ ရာခိုင်နှုန်းလောက်ပဲ အိမ်စောင့်အဖြစ်ကျန်ရှိနေမယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ 

စိုးသူအောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013