DVB Logo
Home
မြန်မာသတင်း
စစ်တွေက စစ်ရှောင်သောင်းချီ  အမိုးအကာ မလုံလောက်သဖြင့်  မိုးဒဏ်ခံနေရ
DVB
·
June 10, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေဟာ အမိုးအကာမလုံတဲ့ စစ်ရှောင်စခန်းတွေမှာ မိုးဒဏ်ကို အလူးအလဲ ခံနေရပြီး အမိုးအကာနဲ့ ခြင်ထောင်အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့နယ်အတွင်းရှိ ဗျိုင်းဖြူ၊ ကျေးတော၊ ရွှေပြည်သာနဲ့ ရေချမ်းပြင်အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေကို စစ်အာဏာရှင်တပ်က အဓမ္မ နှင်ထုတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေဟာ စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်း ၅၀ ကျော်မှာရှိတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

သူတို့ဟာ ဇွန် ၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် မိုးယို ၊ မိုးပက်တဲ့ ဒဏ်တွေ ကို ခံစားနေရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်တယောက်က “မိုးကတော်တော့်ကိုရွာနေတော့ အဆင်မပြေပါဘူး။ နေရထိုင်ရတာ တွေကလည်း ဘေးကင်းလုံခြုံမှုမရှိဘူး။ ဘုန်းကြီးကျောင်းအောက်က သမံတလင်းတွေပေါ်မှာပဲ ဖြစ်သလို အိပ်ကြရတာပါ။ မိုးများနေတော့ ချက်စားရတာလည်း အဆင်မပြေပါဘူး။ အဲဒီနေရာမှာပဲ အိပ်လိုက်၊ ချက်စားလိုက်နဲ့ နေကြရတာပေါ့။ စခန်းထဲမှာ ကျန်းမာရေး ချို့တဲ့သူတွေလည်း ရှိပါတယ်။ ခုရက်ပိုင်းမှာတော့ ကလေးငယ်တွေ ဝမ်းပျက် ဝမ်းလျှောဖြစ်ကြတာလည်းရှိပါတယ်။ ခြင်ထောင်တွေက မလောက်တော့ ခုက မိုးရာသီဆိုတော့လေ ခြင်တော်တော်ကိုက်ပါတယ်”လို့ ပြောပါတယ်။

အရင်က စစ်ရှောင်ထောက်ပံ့ကြေးအဖြစ် စစ်ရှောင်တယောက်အတွက် တလကို ငွေကျပ် ၂၀,၀၀၀ နဲ့ ဆန်နို့ဆီဘူး အလုံး ၆၀  ရခဲ့ပေမဲ့ ပုံမှန်ရခဲ့တာတော့ မဟုတ်ပါဘူး။

၂၀၂၅-၂၆ ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အသစ် တက်လာပြီးနောက်ပိုင်းမှာ အရင်ရနေတဲ့ ထောက်ပံ့ကြေးငွေတွေ ပြတ်တောက်သွားပြီး တလမှာ ဆန်နို့ဆီဘူး ၄၈ ဘူးသာ ထောက်ပံ့တော့တာပါ။ 

ဒါကြောင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးဟာလည်း အရင်ကထက် ပိုမိုကျပ်တည်း လာပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်တွေမှာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရလို့ ဆန်ကြမ်းတအိတ်ကို ကျပ် ၂ သိန်းဝန်းကျင်အထိ ရှိလာသလို မီးသွေးနဲ့ ထင်းဈေးနှုန်းတွေကလည်း မတန်တဆ မြင့်တက်နေပါတယ်။

မိသားစု တစု ၅ ရက်စာသာ ချက်စားလို့ရနိုင်တဲ့ မီးသွေးတအိတ်ကို ကျပ် ၃၆,၀၀၀ အထိ ဈေးနှုန်း မြင့်တက်နေတာပါ။

လိုအပ်ထဲ့ ထင်းသွားခုတ်ဖို့ကလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ အခြေအနေမှာ စစ်ရှောင်တွေအတွက် မဖြစ်နိုင်ပါဘူး။ 

ဒါကြောင့် လက်ရှိ မိုးရာသီကာလမှာ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ၊လောင်စာ အပြင် အမိုးအကာနဲ့ ခြင်ထောင်တွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတာဝန်ခံတယောက်က “အဓိကကတော့ စားဝတ်နေရေးပါ၊ ဆန်လိုအပ် နေပါတယ်၊ မိုးရာသီ ရောက်နေပြီဆိုတော့ ချက်ပြုတ်စားသောက်ဖို့အတွက်လည်း ထင်း ၊ မီးသွေး လိုအပ်နေတာပါ။ အရင်ကလိုအပြင်မှာ ထင်းတွေသွားရှာနေလည်း အဆင်မပြေတော့ဘူးလေ။ ဖမ်းဆီးတာတို့ ၊ စစ်ဆေးတာတို့များတော့ အပြင်သိပ်မထွက်ရဲကြဘူး။ ခုကမိုးရာသီလည်း ရောက်လာပြီဆိုတော့လေ အမိုးအကာ တာလပတ်တွေ၊ ခြင်ထောင်တွေ အရေးတကြီး လိုအပ်နေပါတယ်။ နေမကောင်းတွေဖြစ်ကြတော့ ဆေးကုဖို့အတွက်လည်း ပိုက်ဆံ လိုအပ် နေပါတယ်”လို့ ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ ညဘက် ဧည့်စာရင်းစစ်ဆေးတာ၊ ဖုန်းသိမ်းတာနဲ့ ဖမ်းဆီးမှုတွေကြောင့်လည်း စစ်ဘေးရှောင်တွေဟာ အပြင်ထွက်ဖို့ ကြောက်ရွံ့နေကြရပြီး လုံခြုံမှုမရှိတဲ့ ဘဝကို နေ့စဉ်ရက်ဆက် ဖြတ်သန်းနေကြရ ပါတယ်။

အခုလို မိုးရာသီမှာ နာမကျန်းဖြစ်တာနဲ့ အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင် တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013