DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ
DVB
·
June 4, 2024
နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို အာရက္ခတပ်တော် (AA) ဘက်က သိမ်းပိုက်လိုက်ပြီး နခခ ၆ (အင်းဒင်) ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျောက်ပန္ဒူအနီးရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ဇွန် ၂ ရက် မနက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး နခခ ၆ အင်းဒင်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို နခခ ၂ က ထွက်လာတဲ့ စစ်ကြောင်းနဲ့လည်း မောင်တော ၄ မိုင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသိရှိတဲ့ မောင်တောဒေသခံတဦးက ပြောပါတယ်။

“ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ပန္ဒူအနီးက စစ်ကောင်စီရဲ့တပ်စခန်း ၂ ခုကို AA သိမ်းပိုက်နိုင်ခဲ့တယ်။ အခု နခခ ၆ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ စစ်ကောင်စီဘက်လည်း လေကြောင်းပစ်ကူတွေ ပြုလုပ်နေတာတွေ ရှိတယ်။ နောက် နခခ ၂ က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ AA တို့ သာယာကုန်းအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ မောင်တောတိုက်ပွဲတွေကတော့ တော်တော်လေးကို ပြင်းထန်နေတယ်။”

အပြင်းအထန် ထိုးစစ်ဆင်တာကို ခံနေရတဲ့ အင်းဒင်စခန်းကို စစ်ကောင်စီက ရေကြောင်း ပစ်ကူအပြင် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းတွေကလည်း လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာ ၂ လနီးပါးအထိ ကြာမြင့်လာကြပြီးဖြစ်ပြီး စစ်ကောင်စီကလည်း အင်အားဖြည့်တင်းမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ မြို့နယ်တခုလုံးလိုပဲ။ ဒီမှာက နယ်ခြားစခန်းတွေ များတော့ တိုက်ခိုက်ရတာ အရမ်းများတယ်။ AA က သိမ်းထားတာကလည်း စခန်းကြီးက နခခ ၃ ခုလောက်နဲ့ တခြားစခန်းငယ်တွေလောက်ပဲ ရှိသေးတယ်။ တခြား နခခ စခန်းကြီးတွေက ထိုးစစ်ဆင်နေတုန်းပဲ။ စစ်ကောင်စီကလည်း အင်အားတွေ ဖြည့်တင်းပြီးတော့ ခံစစ်ကို ပြင်ဆင်နေတာ တွေ့ရတယ်။ မောင်တောမြို့ကို ရဖို့ကတော့ နည်းနည်း ခက်ခဲဦးမယ့် သဘောရှိတယ်” လို့ နောက်ထပ် မောင်တောမြို့ခံတဦးက ပြောပါတယ်။

မောင်တောမြို့နယ်မှာ နယ်ခြားစောင့်တပ်ရင်း ၈ ခုအထိရှိတဲ့ အထဲက နခခ ၁၊ နခခ ၇၊ နခခ ၁၀ အပါအဝင် စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်ထားတာဖြစ်ပြီး ကျန်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ မောင်တော၊ သံတွဲနဲ့ အမ်းမြို့နယ်တွေမှာ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တပ်စခန်းတွေ မကျဆုံးစေရေးအတွက် လေကြောင်း၊ ရေကြောင်း အပါအဝင် လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

စစ်တွေမြို့ ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ဖြစ်စဉ်အတွင်း သေဆုံးသူ ၇၆ ဦးထိ ရှိလာကြောင်း ဇွန် ၄ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က မေ ၂၉ ရက်ကစပြီး ဒီနေ့ထိ ဗျိုင်းဖြူကျေးရွာ ဒေသခံ ၇၆ ဦးအား သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ် ငပလီမြို့ရှိ ဂေါ့ကျေးရွာအနီးမှာ ဇွန် ၂ ရက် ညက စတင်ကာ စစ်တပ်နဲ့ အေအေတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန် ၃ ရက် တညလုံး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် တိုက်လေယာဉ် Y-12 နဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

"ညက တညလုံး လက်နက်ကြီးတွေနဲ့ပစ်နေတာအိပ်လို့တောင်မရဘူး။ လေယာဉ်နဲ့လည်းဗုံး ကြဲတာ။ လေယာဉ်က ငပလီနဲ့ ဂေါ့ကြားမှာပဲ ပတ်ပြီးပစ်နေတာ။ ဒီမနက် ငပလီက ဆိုင်တွေ အားလုံးအကုန်ပိတ်လိုက်ကြပြီ။” 

ငပလီမြို့ရှိ ဂေါ့ကျေးရွာမှာ မနေ့က တိုက်ပွဲအတွင်း ဒေသခံအမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ကျည်ထိမှန်ခဲ့ကာ ပိတ်မိနေတဲ့ ဒေသခံတွေကို မြို့ခံကူညီရေးသမားတွေက ကယ်ထုတ်ပေးနေရကြောင်း ဒေသခံတွေထံက သိရပါတယ်။

ငပလီမြို့ခံတဦးက “အခုလေဆိပ်မှာလည်း လက်နက်ကြီးတွေတင်ထားတယ်။ မနက်က စစ်သားတွေကား ၂ စီးအပြည့်နဲ့ လေဆိပ်ဘက်ကို ဆင်းသွားတာတွေ့လိုက်တယ်။ ဂေါက်ကွင်းမှာ အထိုင်ချပြီး ၁၅ မိနစ်တစ်ခါ လက်နက်ကြီးနဲ့ပစ်နေတယ်” လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က သံတွဲလေဆိပ်ကိုပိတ်ထားပြီး လေယာဥ်ခရီးစဥ်တွေ အားလုံးကို ဖျက်သိမ်းလိုက်ကာ ငပလီလမ်းတလျှောက်နဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ပိတ်ဆို့ဖြတ်တောက်ထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013