DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် ကျောင်း ၆၀ ကျော် မဖွင့်နိုင်၊ ဖရူဆို စစ်ရှောင်စာသင်ကျောင်းများ မိုးကာများလိုအပ်
DVB
·
June 4, 2024
ဆီဆိုင်တွင် ကျောင်း ၆၀ ကျော် မဖွင့်နိုင်၊ ဖရူဆို စစ်ရှောင်စာသင်ကျောင်းများ မိုးကာများလိုအပ်
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အခုနှစ် တိုက်ပွဲအခြေအနေတွေကြောင့် ကျောင်းပေါင်း ၆၀ ကျော် မဖွင့်နိုင်ဘဲ ကလေးငယ်တွေကို တခြားတိုင်းဒေသကြီးရှိ ပရဟိတကျောင်းတွေကို ပို့ထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အရင်နှစ်တွေက ကျေးရွာတွင်း မူလတန်းကျောင်းတွေမှာ ကလေးငယ်တွေကို တခြား တိုင်းနဲ့ ပြည်နယ်များရှိ နယ်ဝေးကိုမပို့ဖို့ စည်းကမ်းချမှတ်ထားပေမဲ့ အခုနှစ်မှာ ကျေးရွာတိုင်းနီးပါးက ပညာသင်ကြားခွင့် ရရှိနိုင်ဖို့ ကလေးတွေကို နယ်ဝေးပို့ဆောင်ကြကြောင်း သိရပါတယ်။

ဆီဆိုင်မြို့ခံတဦးက “တိုက်ပွဲက ဖြစ်နေသေးတယ်။ ဘယ်ချိန်ပြန်ပြေးရမယ် မသိဘူး။ အဲဒါကြောင့် ကလေးပညာရေး မသေချာလို့ တခြားနယ် ပို့ရတာဖြစ်တယ်။ ကလေးတွေ စာသင်ရင်လည်း လုံခြုံမှုလည်း မရှိဘူးလေ။ အဲဒါကြောင့် ၅ နှစ်အရွယ် KG အတန်းကနေစပြီး အထက်တန်းကျောင်းအထိပဲ ပို့ကြရတယ်” လို့ ပြောပါတယ်။

ဆီဆိုင်မြို့ပေါ် စာသင်ကျောင်းကို စစ်ကောင်စီက ဖွင့်ပေမဲ့ ကျောင်းသားမိဘ အများစုက စိတ်မချတဲ့အတွက်ကြောင့် အဝေးဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းနဲ့ နယ်စပ်တို့ရှိ စာသင်ကျောင်းတွေပဲ ပို့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ တာဝန်ရှိသူ မနန်းက “ပရဟိတကျောင်းကို အရင်ကာလတုန်းက ပို့တဲ့ အတွေ့အကြုံ များစွာလည်း ရှိကြတယ်။ အများကြီးလည်း ကြုံကြရတယ်။ ဥပမာ - ကလေးက စာမသင်ရဘဲ အပြင်အလုပ် သွားလုပ်ရတဲ့ ကိစ္စရပ်တွေ၊ တချို့ကျတော့လည်း စာသင်ပေးတယ်၊ ကောင်းကောင်းမွန်မွန် မသင်ပေးနိုင်ဘူး၊ တချို့ကျလည်း အကြမ်းဖက်ခံရတဲ့ ကိစ္စတွေလည်း သာဓကများစွာရှိတယ်။ နောက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု မရှိတာမျိုးလည်း ကြုံကြရတယ် စသဖြင့်ရှိတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တုန်းကလည်း ကျောင်းပညာရေးကို ခဏရပ်တန့်တာမျိုး ရှိခဲ့ဖူးတဲ့အပေါ်မှာ တခါနာခဲ့ပြီးပြီ၊ အခု ပဋိပက္ခဖြစ်ပွားနေတဲ့အပေါ်မှာ ကလေးပညာရေးလည်း နှောင့်နှေးတာမျိုး ထပ်မဖြစ်ရလေအောင်၊ လုံခြုံရေးကို အဓိက ထည့်သွင်းစဉ်းစား ကြတာမျိုးလည်း တွေ့ရတယ်။ ဒါ့ကြောင့် ကျောင်းသားမိဘတွေက အဝေးကိုပိုပြီး ပို့တာမျိုးကို တွေ့ရတယ်။ ဒါပေမဲ့ နောက်ကွယ်အခင်းအကျင်းကိုလည်း မကြည့်နိုင်ဘူး” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ အခုထိ မြေပြင်တိုက်ပွဲ ဖြစ်ပွားနေသေးသလို စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေကိုပါ လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ၄ လကျော်အတွင်း ဆီဆိုင်မြို့ခံ ၆၀ ကျော်လည်း ပျောက်ဆုံးနေပြီး တချို့မှာ အသတ်ခံရပြီး သေဆုံးလျက် ပြန်တွေ့ကြရတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ဇွန် ၄ ရက်မှာ ပြောပါတယ်။

“အဆောက်အအုံအတွက် မိုးကာက ပိုလိုအပ်နေတာပေါ့။ ကမ့်ပ်နှစ်ခုအတွက် မိုးကာ လုံးဝမရှိသေးတဲ့ အခြေအနေပေါ့နော်။ ကျောင်းကဖွင့်တော့မှာ ​ဖြစ်တဲ့အတွက် မိုးကာတော့ ရချင်တာပေါ့နော်။ အိမ်တိုင်းအတွက် မိုးရေခံဖို့ မိုးကာလည်း လိုအပ်နေတာပေါ့နော်။”

စာသင်ကျောင်းက KG တန်းကနေ ၄ တန်းအထိ ပညာသင်ကြားပေးနေပြီး ကျောင်းသားဦးရေ ၂၀၀ ကျော်အထိရှိကာ အခုနှစ် ပညာသင်နှစ်အတွက် စာသင်ဆောင်ရဲ့ မိုးကာတွေ လိုနေတာလို့ ဆိုပါတယ်။

ဖရူဆိုအနောက်ခြမ်းက တဖူးဒီးကူ စစ်ရှောင်စခန်းနဲ့ ပရေဆိုလဲ စစ်ရှောင်စခန်းတွေမှာ မိုးကာ လိုအပ်နေတာဖြစ်ပြီး စစ်ရှောင်စခန်းတခုကို အိမ်ခြေ ၂၅၀ ကျော်နဲ့ လူဦးရေ ၈၀၀ ကျော်ထိ နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ဖရူဆိုမြို့ပေါ်ကနေ စစ်​ရှောင်လာကြပြီး စစ်ရှောင်ကာလ ၃ နှစ်နီးပါးအထိရှိကာ နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးရန်ကြောင့် ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။

မိုးရာသီကာလကို ရောက်ရှိလာတာကြောင့် ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ မိုးကာလိုအပ်မှုက ကြီးမားနေပြီး စစ်ရှောင်အရေး ကူညီပေးသူတွေကလည်း တတ်နိုင်သမျှ ပါဝင်ကူညီနေပေမဲ့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013