Home
မြန်မာသတင်း
မြောက်ပိုင်းအဖွဲ့ဝင်များအကြား နယ်မြေအငြင်းပွားမှု လေ့လာစောင့်ကြည့်အဖွဲ့ ဖွဲ့စည်းဖြေရှင်းစေလို
DVB
·
June 4, 2024

‘ဝ’ တပ်ဖွဲ့ဦးဆောင်တဲ့ FPNCC အဖွဲ့တွေအနေနဲ့ မဟာမိတ်အချင်းချင်း နယ်မြေအငြင်းပွားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိတွေ့တိုက်ခိုက်မှုတွေမရှိအောင် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တဖွဲ့ဖွဲ့စည်းပြီး ဖြေရှင်းသင့်တယ်လို့ စစ်ရေးလေ့လာသူတွေက အကြံပြုပါတယ်။ 

စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို ‘ဝ’ တပ်ဖွဲ့ ဦးဆောင်တဲ့ (FPNCC) အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်း FPNCC ရဲ့ မဟာမိတ်တပ်ဖွဲ့တွေကြားမှာ နယ်မြေအငြင်းပွားမှုတွေ  ဖြစ်ပေါ်လာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့တွေကြားမှာ ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်ကြဖို့ လေ့လာစောင့်ကြည့်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့သင့်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောဆိုပါတယ်။

TNLAက သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို KIA ဘက်က ရှေ့ဆက်မလုပ်ဆောင်နိုင်အောင် နှောင့်ယှက်ပိတ်ဆို့လို့ အောက်ခြေတပ်ဖွဲ့တွေကြားမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာတွေကို ကြားဝင်ဖြေရှင်းပေးဖို့  မေ ၃၁ ရက်က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်အားလုံးကို စာရေး တောင်းဆိုခဲ့ပါတယ်။

အဲဒီအပြင် SSPP ကလည်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး TNLA ရဲ့ ဘောင်ကျော်ပြုမူ ပြောဆိုတဲ့လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ မေ ၃၁ ရက်မှာပဲ ထုတ်ပြန်ကြေညာပါတယ်။

နယ်မြေအငြင်းပွားမှုကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ တင်းမာမှုတွေကို ဗဟိုအဆင့် ထိပ်သီးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေကို SSPP ဘက်က အောက်ခြေတပ်တွေလိုက်နာဆောင်ရွက်နိုင်ဖို့ အမိန့်ထုတ်ပြန်ထားပေမယ့် TNLA ဘက်ကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဆန္ဒမရှိတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ TNLA ဘက်တော့ နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းမှုရရှိပြီးဖြစ်သလို အောက်ခြေအဆင့်အဆင့်မှာတော့ မဟာမိတ်တွေကြား အငြင်းပွားမှုတွေဖြစ်လာရင်ဖြေရှင်းနိုင်မယ့် ယန္တရားတွေကိုဆောင်ရွက်ပြီးဖြစ်တယ်လို့ TNLA ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

FPNCC အဖွဲ့ဝင်ကြားဖြစ်နေတဲ့ နယ်မြေအငြင်းပွားမှုကိစ္စ အသေးစိတ်ကို ကျန်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်ဖွဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေမဲ့ သတင်းဖော်ပြတဲ့အချိန်ထိ မေးမြန်းလို့မရသေးပါဘူး။ 

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024