DVB Logo
Home
ဆောင်းပါး
CDM ဘဝအကြောင်း တစေ့တစောင်း
DVB
·
June 4, 2024
CDM ဘဝအကြောင်း တစေ့တစောင်း
Donate to DVB

ပြောရအုံးမယ်တော်၊ CDM တဲ့၊ အာဏာသိမ်းခါစကတော့ ကိုယ်တွေက အများ (ဓမ္မကို မြတ်နိုးသူအပေါင်း) အထင်ကြီး လေးစားဂုဏ်ယူထိုက်သူတွေပေါ့လေ။ 

“CDM သာ ဆက်လုပ် မျှစားမယ်တော်” ရွာက ကြီးဒေါ်ကြီးရဲ့ တိုက်တွန်းစကား၊ “သူငယ်ချင်းရေ CDM လုပ်တာ ဂုဏ်ယူပါတယ်ကွာ၊ အခက်အခဲရှိ လှမ်းပြောနော်၊ အားမနာနဲ့” သူငယ်ချင်းရဲ့ စေတနာတွေ၊ “ဟဲ့ နင်ရော CDM နော်၊ ငါလည်းအတူတူပဲ၊ ရင်ဘတ်ချင်းတူသူတွေ အတူ ရှေ့ဆက်ရတာပေါ့လေ” ဘဝတူ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေရဲ့ ရည်မှန်းချက်၊ “ဆရာမရေ.... CDM လုပ်တယ်ဆိုလို့ ကျေးဇူးတင်ကြောင်း လှမ်းပြောတာ၊ ကျနော်တို့ရွာမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာမက CDM ဆိုတော့ ရွာလည်း ဂုဏ်ရှိတာပေါ့လေ” တာဝန်ကျရွာက ကျောင်းအကျိုးတော်ဆောင်ရဲ့ ကျေးဇူးတင်စကား၊ “ညီမရေ.... CDM လုပ်တာ အားပေးတယ်နော်၊ အခက်ခဲရှိ ပြော‌လေ၊ လေးစားတယ်၊ ငါ့ရဲ့ချစ်ညီမလေးရေ” ဒီဂရီတွေ အများကြီးယူပြီး မြို့တက်ပြီး အလုပ်လုပ် ကြီးပွားနေတဲ့ အမဝမ်းကွဲရဲ့ အားပေးစကား၊ ဒါတွေ ဒါတွေကလေ လေထဲကနေ ကူညီသူတွေပေါ့။ 

ကျမက အားလုံးကို ပြန်ပြောလိုက်ပါတယ်။ “ရပါတယ်၊ မလိုသေးပါဘူး၊ ကျေးဇူးပါလို့” အာဏာသိမ်းပြီး တနှစ်ကျော်ထိက ကျမတို့မှာ ရပ်တည်ဖို့ မခက်ခဲသေးဘူးလေ။ (ရှင်းရှင်းပြောရမယ်ဆို ဘယ်သူ့အကူအညီမှ မလိုဘူးပေါ့ရှင်။) မလိုအပ်သေးပေမဲ့လည်း လေထဲကနေ ကူညီမယ့်သူတွေက အများသားရှင့်၊ ကျမတို့ CDM တွေ ရွှေရောင်အိပ်မက် တဝကြီး မက်ခဲ့ရတဲ့ အချိန်တွေပေါ့လေ။ 

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး နည်းနည်းတော့ ပြိုလဲချင်နေပြီ၊ တော်လှန်ရေးကလည်း ပိုပြီးအရှိန်မြှင့်လာတော့ စားဖို့ ပူရ၊ နေဖို့ ပူရ၊ ဖမ်းခံရမှာ ပူရနဲ့ အို ဒုက္ခတွေ အစုံပါပဲရှင်။ “ပြည်သူတွေက ကျွေးထားမှာဗျ” ဆိုတဲ့ ပြည်သူအချို့ကလည်း CDM တွေကို ခွဲခြားဆက်ဆံတာတွေ လုပ်လာပြီ။ “ပိုက်ဆံများ ချေးမလား”၊ ‌”အလုပ်များ တောင်းမလား”၊ သို့လော သို့လောနဲ့ တွေးနေကြဟန် တူပါရဲ့လေ၊ ကျမတို့နဲ့ စကားပြောရမှာတောင် ကြောက်လာနေကြပြီ။

ပြည်သူတွေက ခွဲခြားနေတယ်၊ အခုတမျိုး တော်ကြာတမျိုးနဲ့ ငါတို့အချင်းချင်း ရင်ဖွင့်အုံးမှပါလေ ဆို “အမလေး ပိုဆိုးတယ်ရှင်”၊ CDM တွေ အချင်းချင်းကလည်း စည်းလုံးမှုမရှိဘူး။ သူ လုပ်နေတဲ့လုပ်ငန်း လိုက်လုပ်မလား၊ သူ ရောင်းနေတဲ့ပစ္စည်းများ အတုယူ လိုက်ရောင်းမလား၊ ပိုက်ဆံများ ချေးမလားမသိ စသည်ဖြင့်ပေါ့လေ။ တွေးနေကြဟန်တူပါတယ်၊ ခပ်ချေချေပဲ နေကြတယ်ရှင်။ 

ကျမ လေ့လာသိရှိရသလောက်လည်း CDM တွေခမျာ MLM ရဲ့ သားကောင် ဖြစ်နေသူတွေလည်း တွေ့ရတယ်၊ အားနေတော့ လိုင်းပိုသုံးဖြစ်၊ လိုင်းသုံးတော့ ဘေကုန်၊ ဘေကုန်တော့ ပိုက်ဆံပိုရချင်။ အဲဒီလိုနဲ့ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်ခဏခဏ တင်နေတဲ့ အသိဆရာမရဲ့ “ဒီနေ့ဝင်တဲ့ lucky money” ဆိုတဲ့ သောင်းတန် အထပ်လိုက်လေးနဲ့ ပုံကိုလည်း တအား စိတ်ဝင်စားလာပြီ။ အလှပြင် cosmetics အစုံ ရောင်းနေတဲ့ သူငယ်ချင်းဆီ လှမ်းမေး၊ စပ်စုကြည့်။ “သူငယ်ချင်းရေ စိတ်ဝင်စားရင် ယူရောင်းကြည့်၊ ငါတော့ တအားအဆင်ပြေနေပြီ” တကယ်တမ်းက အားပေးစကားနဲ့ အကောင်းဘက်ကပဲ ပြောမှာပေါ့လေ။ 

MLM ဆိုတာ ဖောက်သည်ရလေ ပိုအဆင်ပြေလေကိုး။ CDM ဆရာမအချို့ ယူရောင်းကြပါပြီ။ အစပိုင်းတော့ အဆင်ပြေသလိုလို မပြေသလိုလို၊ မကြာခင် သူဌေးကြီးပဲ ဖြစ်တော့မှာလိုလိုနဲ့ အသိနောက်ကျလှချည်ရဲ့ ဆိုပြီး ထင်နေကြလေပြီ။ “ငါတော့ အလုပ်ပြန်ရလည်း မလုပ်တော့ဘူးအေ၊ ခုဆို တလ ဆယ်ကျော်ဝင်နေပြီ” အဲလို ကြွားလုံးတွေနဲ့ အဆင်ပြေသူ MLM ကိုယ်စားလှယ်ဖြစ်နေတဲ့ သူတွေလည်း ရှိဟန်တူပါရဲ့။ များသောအားဖြင့် ရေရှည်မှာတော့ ရှိသမျှပိုက်ဆံလေးနဲ့ ဝယ်ထား၊ ရှောင်ရတိမ်းရတော့ ‘ပစ္စည်းတင်စရာ ကားမရှိ’ ပစ္စည်းက အကုန်မသယ်နိုင်၊ စစ်ကောင်စီတပ်သားတွေက ဖျက်ဆီး မီးရှို့ ‘အချို့ ယူသွား’ တဲ့ထဲ ပါသွား၊ အဲလို ကြုံတွေ့နေကြရတဲ့ CDM‌ တွေရဲ့‌ ကောက်ရိုးတမျှင်မျှ မျှော်လင့်ချက်‌တွေ ပျောက်ဆုံးသွားကြတာက ပိုများမယ်ထင်ပါတယ်ရှင်။ အချို့ကတော့ အစပိုင်း ရောင်းကောင်းတယ်၊ တာဝန်ကျရွာက မိတ်ဆွေတွေ၊ တပည့်တွေ၊ အကောင့်ထဲက သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ စသည်ဖြင့် ဝယ်လိမ်းကြတယ်။ ဈေးကလည်းကြီး၊ ခေတ်ကာလကလည်း မကောင်း၊ ပိုက်ဆံကလည်း ရှားနဲ့ “စားဖို့တောင် အနိုင်နိုင်ပါလေ” ဆိုပြီး မဝယ်ကြတော့ပြန်၊ ဒီလိုနဲ့ ဒီအလှပြင်ပစ္စည်းတွေက အလှကြည့်စရာ ဖြစ်သွားရော။ အဲလို ဆရာမလေးတွေလည်း ရှိကြရဲ့။

ကျမကိုယ်တိုင်ကတော့ အရင်ကတည်းက ဈေးရောင်းတဲ့ အတွေ့အကြုံရှိတော့ “ငါ ဈေးရောင်းရဲတယ်၊ အလုပ်ပြုတ်လည်း ဂရုမစိုက်ဘူး” ဆိုပြီး ထင်မှတ်ထားပေမဲ့ တော်လှန်ရေးကာလမှာ ဈေးရောင်းရတာဟာ “သူများအိတ်ထဲ (ကုန်သည်အကြီးစား) ပိုက်ဆံ ထည့်ပေးနေရသလိုပါပဲရှင်”၊ “ဈေးက ဝယ်ပြီးတက်၊ တက်ပြီးထပ်တက်၊ ထပ်ထပ်ပြီးတက်၊ အို ပစ္စည်းတွေအားလုံး ဈေးတက်” အဲဒီလိုဖြစ်နေတယ်ရှင်။

အရင်က ရင်းငွေ ၁၅ သိန်းနဲ့ လုံလောက်ပေမဲ့ ရက်ပိုင်းအတွင်း ရင်းငွေ သိန်း ၃၀ ကျော်မှ ရမယ့်အခြေအနေဆိုတော့ “ဘာ ...ဘာ...ဘာတွေလုပ်ရမှန်းကို မသိအောင် ချာချာလည်နေပါပြီ။” မိသားစုကလည်း “ဟဲ့ ဈေးမရောင်းနဲ့တော့၊ ရှိတာလေးနဲ့ ချွေတာပြီး ငြိမ်ငြိမ်နေစမ်းပါ” တဲ့၊ ဘာလုပ်ငန်းမှ မလုပ်စေချင်ကြတော့ဘူး။ တော်လှန်ရေးကြီးလည်း နှစ်ကုန်ပိုင်းဆို “ပြီးမှာပါလေ” ဆိုပြီး ကိုယ်လိုရာဆွဲတွေး၊ ရှိတာလေး ရောင်းချပြီး ချွေတာစားနေရတဲ့ CDM တွေရဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ သနားနေရတဲ့ ဘဝ‌တွေပါလေ။ ဒါ‌တွေ ကျမကိုယ်တိုင်နဲ့ ပညာရေး CDM အများစုရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေထဲက တစိတ်တပိုင်းတွေကို ကျမလေ့လာသိရှိသလောက် ဖောက်သည်ချ ပြောပြခြင်းပါရှင့်။

ဖီးနစ်မေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013