
နယ်စပ်ဖြတ်ကျော်ပြီး မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးနဲ့ ဘိန်းဖြူတွေကို အဓိကဖြန့်ဖြူးပေးနေတဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်အခြေစိုက် မူးယစ်ရာဇာယောက်ကို အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က ဖမ်းဆီးလိုက်တဲ့အကြောင်း Hindustan Times သတင်းမှာ မေ ၁၇ ရက်က ဖော်ပြပါတယ်။
ဒါဟာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်တွေကို NCB က ဆက်တိုက်နှိမ်နင်းနေရာမှာ ရေရှည်စောင့်ကြည့်တာ၊ ထောက်လှမ်းရေးသတင်း ရယူတာ၊ ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာနဲ့ ထက်ကြပ်မကွာ လိုက်လံစုံစမ်းတာတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေလီမြို့မှာ အဆိုပါတရားခံကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူရဲ့ နာမည်ကိုတော့ ထန်စင်ထောင်းန်(ခ)ချင်းထောင်းန်(ခ)တလူအန်ဂါလို့ သတင်းမှာ ဖော်ပြပြီး သူဟာ ၂၀၂၆ ခုနှစ်အတွင်း NCB က ဖမ်းဆီးရမိတဲ့ ဒုတိယမြောက် မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ မြန်မာ-မီဇိုရမ်-မဏိပူရ-အာသံ-တြိပူရ စင်္ကြံလမ်းတလျှောက် လှုပ်ရှားနေတဲ့ အရေးအပါဆုံး မှောင်ခိုသမားတယောက်အဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပြီး မြန်မာကနေ မက်သဖက်တမင်းနဲ့ ဘိန်းဖြူတွေကို နိုင်ငံတကာအဆင့် အဓိကတင်ပို့နေသူအဖြစ် စိစစ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ သူဟာ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့တဲ့ နယ်စပ်ဖြတ်ကျော်ကွန်ရက်တွေကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ရာမှာ အကြီးအကျယ် ပါဝင်ပတ်သက်နေသလို NCB နဲ့ တခြား မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီတွေက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအက်ဥပဒေအရ အမှုဖွင့်ထားတဲ့ အမှုပေါင်းမျာစွာမှာ အလိုရှိနေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်က မက်သဖက်တမင်းနဲ့ ဘိန်းဖြူမှောင်ခိုကူးမှု သံသယနဲ့ မီဇိုရမ်ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ အမှု ၂ ခုမှာလည်း ချင်းထောင်းန်ကို တရားခံအဖြစ် စွပ်စွဲထားသလို ၂၀၂၃ ခုနှစ်အတွင်းက ဘိန်းဖြူမှောင်ခိုမှုနဲ့ ပတ်သက်ပြီး မီဇိုရမ်အကောက်ခွန်နဲ့ မူးယစ်ဆေးဝါးဌာနက တရားစွဲဆိုထားတဲ့ အမှု ၆ ခုမှာလည်း သူပါဝင်ပတ်သက်နေတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB)ရဲ့ ထုတ်ပြန်ချက်မှာတော့ သူဟာ ကာလတန်ဖိုး အိန္ဒိယရူပီး ကုဋေ ၁၁၅ နီးပါး (အမေရိကန်ဒေါ်လာ ၁၄ သန်း နီးပါး) တန်ဖိုးရှိတဲ့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေမှာ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုအတွင်းမှာတော့ အဆိုပါမူးယစ်ဂိုဏ်းဝင် အဖွဲ့ဝင်အတော်များများနဲ့ ချင်းထောင်းန်ရဲ့ ရင်းနှီးတဲ့ အပေါင်းအပါတွေကို NCB က စိစစ်ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအမှုတွေနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ် ဆောင်ခဲ့တာကြောင့် တရားခံတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်အကောင့်အမြောက်အမြားကိုလည်း စိစစ်နိုင်ခဲ့ပြီး ယာယီပိတ်သိမ်းထားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံကနေ မီဇိုရမ်၊ မဏိပူရ်၊ အာသံ၊ ထရီပူရ ပြည်နယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ ကျယ်ပြန့်ပြီး အလွန်စနစ်တကျ ဖွဲ့စည်းထားတဲ့ ပြည်နယ်ဖြတ်ကျော်နဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကြီးတခုတည်ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမူးယစ်ဂိုဏ်းဟာ မက်သဖက်တမင်းနဲ့ ဘိန်းဖြူတွေကို နိုင်ငံတကာနဲ့ နယ်စပ်တွေ ဖြတ်ကျော်ပြီး မှောင်ခိုကူးသန်း ဖြန့်ဖြူးဖို့အတွက် မှောင်ခိုလမ်းကြောင်းမျိုးစုံ၊ ဒေသခံကူညီပံ့ပိုးသူတွေ၊ သယ်ယူပို့ဆောင်ရေး ညှိနှိုင်းပေးသူတွေ၊ ဟွန်ဒီငွေလွှဲလမ်းကြောင်းတွေနဲ့ ငွေကြေးကိုင်တွယ်သူတွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အနေနဲ့ ၂၀၂၅ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးတင်ပို့မှုတွေကိုတင် ကြားဖြတ်ဖမ်းဆီးတာမျိုးမဟုတ်ဘဲ မူးယစ်ဂိုဏ်းတခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ပြီး အဘက်ဘက်က ကွန်ရက်အခြေပြု စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသတခုတည်းမှာတင် NCB ဟာ ၂၀၂၅ ခုနှစ် အတွင်း အမှုပေါင်း ၄၈ မှု တရားစွဲဆိုခဲ့ပြီး မူးယစ်မှောင်ခိုသမား ၁၁၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကာ မှောင်ခိုဈေးကွက်အတွင်း ကာလတန်ဖိုး ရူပီး ကုဋေ ၆၆၅ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ ပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာတော့ NCB ဟာ လက်ရှိအချိန်အထိ အမှုပေါင်း ၃၁ မှု တ ရားစွဲဆိုထားပြီးဖြစ်ကာ အဆိုပါဒေသမှာ အရှိန်မြှင့်နှိမ်နင်းမှုတွေအတွင်း မူးယစ်မှောင်ခိုသမား ၅၄ ယောက်ကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးအမြောက်အမြားကို သိမ်းဆည်းရမိထားပြီလို့ အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။
Source: Hindustan Times











