DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ နာရေးသတင်း လူမှုကွန်ရက်ပေါ် မတင်ရန် တပ်အရာရှိများ သတိပေးခံရ
DVB
·
June 3, 2024
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ နာရေးသတင်း လူမှုကွန်ရက်ပေါ် မတင်ရန် တပ်အရာရှိများ သတိပေးခံရ
Donate to DVB

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦးရဲ့ နာရေးသတင်းနဲ့ ဝမ်းနည်းကြောင်းစာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတင်ဖို့ စစ်ခေါင်းဆောင်က အရာရှိစစ်သည်တွေကို သတိပေးထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ဇွန် ၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ကွယ်လွန်သွားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ အရာရှိ၊ စစ်သည်တွေကို ဝမ်းနည်းကြောင်း ပို့စ်တင်တာတွေ နာရေးသွားတာတွေမလုပ်ဖို့ စစ်ခေါင်းဆောင်က သတိပေးထားတယ်လို့ ဆိုပါတယ်။

အငြိမ်းစားအရာရှိတဦးက"ဝမ်းနည်းရုံကလွဲပြီး FB မှာ ပို့စ်တင်တာ၊ Tik tok မှာ ပို့စ်တင်တာ လုပ်လို့မရဘူး၊ သိတာနဲ့ တပ်ခေါင်းဆောင်ပိုင်းတွေက ပြန်ဖြုတ်ခိုင်းတယ်" လို့ ပြောပါတယ်။

သူရတင်ဦးနဲ့ ပတ်သက်ပြီး အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦးက “အသက်အငယ်ဆုံးဗိုလ်ချုပ်တွေထဲမှာ သူရတင်ဦးလည်းပါတယ်။ ၁၉၇၂ မှာ ဒုကာချုပ်ဖြစ်တော့ အသက် ၄၅ ပဲ ရှိသေးတယ်။ သူပြောတဲ့စကားကို အခုထိအမှတ်ရတုန်း၊ ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူကချစ်လာပြီး သူစိတ်ဆန္ဒရှိလို့ ခေါ်မှ ပြည်သူ့တပ်မတော်၊ ကိုယ့်ဘာသာကိုယ် အမည်မှည့်လို့မရဘူး ဆိုတဲ့စကားပဲ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး သူရတင်ဦးရဲ့ နာရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့သလို  လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လွမ်းသူ့ပန်းခြင်းကို  ရန်ကုန်တိုင်းတိုင်းမှူးကနေ တဆင့် ပေးပို့ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က နာရေးကို စစ်တပ်အရာရှိ၊ အရာခံတွေ မသွားရောက်ဖို့ သတိပေးထားတာကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တိုင်းစစ်ဌာနချုပ်အတွင်း အရာရှိ၊ စစ်သည်တွေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ကို ခေါ်ယူအသိပေးတယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကိုယ်တိုင် အရာရှိ၊ စစ်သည်တွေကို ကာချုပ်ဟောင်းနံပါတ်တပ်ပြီး ပို့စ်မတင်ဖို့၊ ပတ်သက်မှု မလုပ်ဖို့ ခေါ်ပြောတယ်။ လိုင်းပေါ်မှာ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ပတ်သက်ပြီး ပို့စ်တင်ထားတဲ့သူတွေတောင် ပြန်ဖြုတ်ရတယ်။” 

ဒီလိုစစ်ခေါင်းဆောင်တွေက သတိပေးတာတွေရှိပေမဲ့ စစ်မှုထမ်းဟောင်းအချို့ကတော့ ဗိုလ်ချုပ်ကြီးသူရတင်ဦးနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကောင်းတဦးလို့ ရေးသားသူတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့မြေးဖြစ်သူ အေးနေဝင်းကတော့ “အမြဲသတိရပါတယ်၊ အရမ်းချစ်ပါတယ်။ သားတို့ကို တွေ့တိုင်း ဗိုလ်ချုပ်ကိုလွမ်းတယ်" လို့ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြောဆိုခဲ့တဲ့စကားကို အစချီကာ ဘတစ်ပါးသို့ ကူးပြောင်းသွားချိန်မှာ ခရီးလွန်နေခြင်းကြောင့် အန်တီ တင်မိုးဝေ၊ ကိုသန့်ဇင်ဦးတို့ကို ဝမ်းနည်းကြောင်း ကိုယ်တိုင်လာရောက် မပြောနိုင်မိတာကို တောင်းပန်ပါတယ်” လို့ သူရဲ့တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ သူရတင်ဦးရဲ့ ရုပ်ကလာပ် အမှတ် (၃၀) ဗောဓိရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ထားရှိပြီး ဇွန် ၅ ရက် ဂူသွင်း သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013