DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမပေါ်၌ တိုက်ပွဲပြင်းထန်နေ၊ ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
June 3, 2024
ပဲခူးရိုးမပေါ်၌ တိုက်ပွဲပြင်းထန်နေ၊ ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးရိုးမပေါ်မှာ ဇွန် ၁ ရက်ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၃၀၀ ဝန်းကျင်ပါရှိပြီး အမြန်လမ်း ၈၅ မိုင် ၆ ဖာလုံ၊ အမြန်လမ်း ၈၃ မိုင် မြို့ချောင်းလမ်းနဲ့ မင်းလှ စိန်ကန့်လန့်လမ်းဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲ တက်လာတာကြောင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာလို့ သာယာဝတီခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

“စစ်ကြောင်းတခုကို အင်အား ၁၀၀ လောက်ပါတယ်။ ရိုးထဲမှာ အရှေ့ခြမ်းကတက်လာတဲ့ ၂ ဖွဲ့က ပေါင်းသွားပြီ။ ၂၉ ရက်နေ့က နောက်ဆုံးတိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အကျအဆုံးများလို့ ပြန်ဆုတ်သွားတာ။ ၃၁ ရက်နေ့ ညနေမှာ အင်အားပြန်ဖြည့်ပြီး ပြန်တက်လာတာ။ အခု မြို့ချောင်း ၂ မိုင်မှာ စကစတွေ တပ်စွဲထားတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာ ပဲခူးရိုးမအတွင်း ဖုန်းလိုင်းတွေ ဖြတ်တောက်ထားကာ ဒေသခံတွေလည်း  စစ်ဘေးရှောင်နေရပြီး မေ ၃၁ ရက်ကလည်း ဒေသခံတဦးအလောင်းကို တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေရှင်းလင်းရင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အခုအချိန် ရိုးမထဲကို ပြည်သူတွေ မလာပါနဲ့။ စစ်ကောင်စီဘက်က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာတွေ ရှိနေလို့ပါ။ ၃၁ ရက်နေ့ကလည်း နယ်မြေရှင်းလင်းရင်း ပုပ်စော်နံလို့ ရှာတော့ ပြည်သူတဦးအလောင်းတွေ့တယ်။” 

အခုတိုက်ပွဲကို ပဲခူးရိုးမအတွင်းရှိ တော်လှန်ရေးအင်အားစုတွေအပြင် ရန်ကုန်တိုင်းဘက်က အဖွဲ့တွေပါ ပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အခုအချိန်ထိ အထိအခိုက် မရှိပေမဲ့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံမှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီး ချမ်းငြိမ်းကိုနဲ့ တပ်သား လှိုင်မြင့်တို့ ဇွန် ၃ ရက်မနက် ၁၀ နာရီလောက်က ဆိုင်ကယ်နဲ့ အပြင်ထွက်လာစဥ် ဆေးရုံမှ ကိုက် ၁၀၀ လောက်အကွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ကာ အလောင်းပြန်ကောက်သွားပြီး ကြိမ်းမောင်းဆဲဆိုတာတွေ ပြုလုပ်ကာ လမ်းသွားပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။

“ဘယ်အဖွဲ့နဲ့ ဖြစ်တယ်တော့မသိဘူးဗျ။ ရုတ်တရက်ကြီး ပစ်ကြ ခတ်ကြတော့ လမ်းသွား၊ လမ်းလာပြည်သူတွေ အကုန် ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ပစ်တဲ့အချိန်က မိနစ်ပိုင်းဖြစ်မယ်ဗျ။ ခဏနေတော့ စစ်သားတွေ အများကြီးနဲ့ ပစ်ခတ်တဲ့ နေရာရောက်လာပြီး စစ်သားအလောင်း ၂ လောင်း ပြန်သယ်သွားတယ်။”

တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးချမ်းငြိမ်းကို၊ ထပရ ၃၂၄၊ ကသ ၇​၊ ကြည်း ၅၁၁၆၁ နဲ့  ပြည်တော်သာ တပ ၇၃၂၃ မင်္ဂလာဒုံတပ်မှ တပ်သား လှိုင်မြင့်တို့ ၂ ဦးလုံး သေဆုံးခဲ့ပြီး MA1 သေနတ်တလက်၊ ကျည်၊ ဖုန်းတလုံး၊ ပိုက်ဆံအိတ်၊ တပ်သားရဲ့ မှတ်ပုံတင်နဲ့ ဗိုလ်ကြီးရဲ့ အခန်းသော့တွေ၊ လက်နက်ဂိုထောင်သော့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ UG ဌာနေ ၁ အဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဆိုပါတပ်ဟာ ခင်ဦးမြို့ပေါ် ရဲစခန်း၊ မြို့လယ်ဗိုလ်ချုပ်ကြေးရုပ်အနီး မင်းသိုက်တိုက်နဲ့ ဆေးရုံတို့ကို အထိုင်ချတပ်စွဲထားတာ ၂ နှစ်ကျော်ပြီလို့ ဆိုပါတယ်။

ခင်ဦးမြို့ပြပြောက်ကျားဖီးနစ်အဖွဲ့ ခေါင်းဆောင် ကိုတရုပ်ကြီးက “ရန်ကုန်တိုင်းဘက်ကနေ ကျနော်တို့ ခင်ဦးဆေးရုံထဲ တပ်ချနေတဲ့  စခတွေဗျ။ ကျနော်တို့  သူတို့လှုပ်ရှားမှုကို နေ့တိုင်း ဆာဘေးကောက်ပြီး ဒီမစ်ရှင်ကို ကခဲ့တာဗျ။ ဒီနေ့တော့ သူတို့ ဆေးရုံကနေ ကိုက် ၁၀၀ ကျော်ကျော်စီ ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက်လာတဲ့ သဘောရှိတယ်။ အဲဒါကို ပစ်မှတ်ယူပြီး ကျနော်တို့ရဲဘော် ၅ ဦး အသုံးချပြီး ပစ်ခတ်ခဲ့တာပေါ့။ နောက်ချန်အင်အားကတော့ နောက်ကနေ စောင့်ကြည့်နေရတာပေါ့လေ” လို့ ပြောပါတယ်။

၂၀၂၃ အောက်တိုဘာ ၁၇ ရက်ကလည်း ဆေးရုံမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တချို့ ခင်ဦးမြို့ထဲ စျေးဝယ်ထွက်လာစဥ် မြို့နယ်ပကဖက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၃ ဦး သေပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်နယ် ၃ ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013