Home
ဆောင်းပါး
မင်းအောင်လှိုင်၏ ကောက်ရိုးမျှင်
DVB
·
June 3, 2024

မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့တွင် မည်သည့်နယ်ပယ်တွင်မှ ဦးမော့အောင် မလုပ်နိုင်သေး ဆိုသည်က အားလုံးအသိပင် ဖြစ်သည်။

၎င်းတို့ ကျွမ်းကျင်ပါသည်ဆိုသော စစ်ရေးတွင်လည်း ဆက်တိုက်ဆိုသလို အရေးနိမ့်လာခဲ့သည်မှာ ၆ လပင် ကျော်လာခဲ့ပြီဖြစ်သည်။ ထိုကာလများအတွင်း တော်လှန်ရေးတပ်များ သိမ်းယူနိုင်ခဲ့သော မြို့ရွာများကို ပြာပုံဖြစ်အောင် လုပ်နိုင်ခဲ့သည်မှအပ အခြား တိုးတက်မှု တစုံတရာ မတွေ့ရသေး။

မြဝတီကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဒုခေါင်း‌ဆောင် စိုးဝင်း ကိုယ်တိုင် ဦးဆောင်ကာ အင်အား အလုံးအရင်းသုံးကာ ထိုးစစ်ဆင်နေသည်ဆိုသော နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးသည် ဒေါနတောင်ခြေ တောနော်ရေတံခွန်အနီးမှ ရှေ့မတိုးနိုင် ဖြစ်နေရသည်။

ရခိုင်၊ ကချင် ဒေသများတွင်လည်း မရှုမလှ အရေးနိမ့်နေပြီး ယခုအခါ ချင်းတော်လှန်ရေး ညီနောင်များက တီးတိန်ကို သိမ်းယူရန် ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်နေကြပြီ ဖြစ်သည်။

ထိုသို့ ဖြစ်ပျက်နေသည်များကို ကြည့်မည်ဆိုက စစ်ကောင်စီအဖို့ မည်သို့မျှ ပြန်လည် နာလန်ထူလာနိုင်တော့မည်မဟုတ် ဆိုသည်က ထင်ရှားနေသည်။ ၎င်းတို့အဖို့က အချိန်ကို ချေးငှားပြီး နေနေရသည့် living on borrowed time အနေအထားမျိုး ဖြစ်လာနေသည်။

မင်းအောင်လှိုင်၏ တခုတည်းသော မျှော်လင့်ချက်အဖြစ် ဆုပ်ကိုင်ထားနေသည်က စစ်မှုထမ်း ဥပဒေဖြင့် စစ်ထဲဆွဲသွင်းခံရသော လူငယ်လေးများ၏ အသက်ကို ရင်း၍ ပြန်၍ အနိုင်‌တိုက်နိုင်ကောင်းရဲ့ ဟူ၍ဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း နှစ်နှစ်ကာကာ ယုံကြည်ခြင်းမရှိ၊ လက်အောက် ဗိုလ်ချုပ်များသည်လည်း အလားတူပင်ဖြစ်သည်။

လူဆိုသည်က ထွက်ပေါက်ပိတ်လာလျှင် ကောက်ရိုးမျှင်သာသာမျှရှိသော မျှော်လင့်ချက်မျိုးကိုပင် မလွတ်တမ်း ဆွဲကိုင်ထားလိုကြသည်ပင် ဖြစ်သည်။

ထိုအနေအထားကို အသေအချာ သုံးသပ်ကြည့်မည်ဆိုက စစ်ရေးတွင် အသာစီး ရမလာမချင်း မင်းအောင်လှိုင်နှင့် အဖွဲ့သည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာ၊ ကျန်းမာရေးဘက်သို့ မည်သို့မျှ ဦးလှည့်နိုင်တော့မည်မဟုတ်။ စစ်ရေးတွင် အသာစီးရလာပြီး အာဏာမသိမ်းခင် တည်ငြိမ်မှုမျိုးက မည်သို့မျှ ဖြစ်လာတော့မည်မဟုတ်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း နေလို့ရသမျှ အချိန်များကို ချေးငှားပြီး နေနေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ တခုတည်းသော အားကိုးရာဖြစ်သည့် တိုက်လေယာဉ်များသည်လည်း မြို့ရွာများကို ဖျက်ဆီးပစ်ဖို့သာ အသုံးတည့်နေသည်။

စစ်တပ်သည် ၁၉၅၀ ကျော်နှစ်များ နောက်ပိုင်း အဆိုးဝါးဆုံး အနေအထားနှင့် ကြုံတွေ့နေရပြီး တရုတ်အစောင့်ရှောက်ခံနိုင်ငံဘဝ ရောက်နေရပြီ ဆိုသည်ကို မြန်မာ့အရေး အနီးကပ် လေ့လာနေသည့် ပြည်ပသုတေသီများက တညီတညွတ်တည်း လက်ခံထားကြကာ မင်းအောင်လှိုင် အဖို့က ရသမျှ အခမ်းအနားမကျန် လိုက်တက်ကာ မိုးလားကဲလားပြော၊ ယတြာချေ၊ ကြက် ဝက် နွား ခြံများ လိုက်ကြည့်နေသည်မျိုးကိုသာ တွေ့နေကြရသည် မဟုတ်ပါလော။ ဤသည်ကလည်း လက်ရှိ တိုင်းသိပြည်သိ နိုင်ငံတကာအသိ ဖြစ်ပျက်နေမှု များသည် ချဲ့ကားပြောဆိုနေသယောင် အပူရုပ်ကို ဟန်လုပ်ကာ သရုပ်ဆောင်နေရခြင်းပင် ဖြစ်သည်။

ဤသည်ကို အလေးအနက် စဉ်းစားရကောင်းမှန်း မသိဘဲ အာဃာတ တရားများဖြင့် မိမိတို့ သားသမီးများ နောင်ရေးကို မျက်ကွယ်ပြုကာ ထောက်ခံ ပံ့ပိုးပေးနေသူများ ရှိနေသည်က လွန်စွာမှ အံ့ဩဖို့ ကောင်းနေရသည်။

အစီရင်ခံစာ နှစ်ခုက မင်းအောင်လှိုင်အား တပြိုင်တည်း ထိုးနှက်

နိုင်ငံကို သုံးနှစ်‌ကျော် အကြမ်းဖက် အုပ်ချုပ်နေသော စစ်ကောင်စီသည် ယခုအခါ နယ်မြေ စုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းကို အပြည့်အဝ အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘဲ ၆၇ ရာခိုင်နှုန်းကိုမူ လုံးဝ လက်လွှတ်လိုက်ရပြီဟု မြန်မာ့အရေး အထူးအကြံပေးကောင်စီမှ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။ ယင်းအား နိုင်ငံတကာ သတင်းမီဒီယာများက ကိုးကား၍ ဖော်ပြလာကြသည်။

ထိုသို့ အပြည့်အဝ အုပ်ချုပ်နိုင်စွမ်း မရှိတော့၍ အစိုးရအဖွဲ့တဖွဲ့၏ တိုင်းပြည်နှင့်ပတ်သက်၍ မရှိမဖြစ် ထမ်းဆောင်ရမည့် အခြေခံတာဝန်များပင် လစ်ဟင်းနေရပြီ ဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

နိုင်ငံတကာ အနေဖြင့် လက်ရှိ ပကတိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သဘောပေါက်ရန် လိုနေပြီး တော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ပြီး မြန်မာပြည်သူများ လိုအပ်နေသော အကူအညီများ အမြန်ပေးသွားနိုင်ဖို့ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လာနေပြီဟု အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ယန်ဟီးလီက ထောက်ပြလာခဲ့သည်။

တချိန်တည်းလိုလို ထွက်ပေါ်လာသော နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ International Crisis Group (ICG) မှ အစီရင်ခံစာတွင် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိ ရာထူးရှိသူများက မင်းအောင်လှိုင် အပေါ် အယုံအကြည် မဲ့သည်ထက် မဲ့လာနေကြပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မင်းအောင်လှိုင်သည် ထိုသို့ဖြစ်လာသည့် အနေအထားကို ‌ကောင်းစွာ ရိပ်စားမိနေသည့်အလား ၎င်း၏ အနီးတဝိုက်တွင် ရာနှုန်းပြည့် သစ္စာခံမည့်လူများနှင့် ဝန်းရံပြီး တင်းတင်းကျပ်ကျပ် အုပ်ချုပ်လျက် ရှိနေသည်။

မင်းအောင်လှိုင်အား ဖယ်ရှားရန် ဖွဲ့စည်းပုံတွင်လည်း မပါရှိ၍ မည်သို့မည်ပုံ လုပ်ကြမည်ကို မခန့်မှန်းနိုင်သေး ဖြစ်နေသည်။ သေချာနေသည်က အာဏာရှင်ဟောင်း အသိုက်အဝန်းသည် ၎င်းတို့၏ လက်ရှိအနေအထားကို ထိခိုက်လာမည့်အရေးကို စိုးရိမ် ထိတ်လန့်လာနေကြပြီ ဆိုသည်ကား သေချာနေသော်လည်း ထိုသို့ လုပ်နိုင်မည့်လူ ရှာမတွေ့သေး၍သာ ဖြစ်ပေမည်။ အားလုံးကလည်း ဆယ်စုနှစ်တစုနီးပါး မင်းအောင်လှိုင် နောက်မြီးဆွဲကာ လိုက်လာကြသူများချည်း ဖြစ်နေသည်။

မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကြံ့ကြံ့ခံ‌နေရင်း ရှုံးမဲ မဲပြီး နိုင်ငံအနှံ့ လက်စားချေ ဗုံးကြဲရန် ညွှန်ကြားရင်း ဆက်၍ ရပ်တည်သွားနိုင်ဖွယ် ရှိနေသော်လည်း နေ့စဉ်နှင့်အမျှ ၎င်းအား ဖယ်ရှားခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ပါရှိလာသည်။

လက်ရှိ ၎င်း၏ သစ္စာခံတပ်များသည်လည်း နိုင်ငံတဝန်း နည်းနည်းနှင့် ကျဲကျဲဝိုင်းနေရပြီး တန်ပြန်ထိုးစစ် ဆိုသည်မှာလည်း ဘယ်နေမှန်းမသိ ဖြစ်လာနေ၍ စိတ်ဓာတ်များ ကျဆင်းလာနေကြပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ နောက်က ပံ့ပိုးပေးနိုင်စွမ်း မရှိမှန်း သိလာ၍ ၎င်းတို့ကို ပေးလာသော တာဝန်နှင့် မစ်ရှင်များအပေါ် ယုံကြည်စိတ်များ မရှိကြတော့ဟု ဆိုသည်။

မင်းအောင်လှိုင်မှ စစ်သားစုဆောင်းပေးလာခြင်းသည်လည်း နေပြည်တော်ရှိ ၎င်းအား စောင့်ကြည့်နေသူများကို တခုခု လုပ်နေပါသည်ဟု ပြသနိုင်အောင်သာ ဖြစ်လာသည်။

ထူးခြားလာသည်က စစ်ဘက်နှင့် စစ်ကောင်စီ၏ အထက်တန်း အရာရှိကြီးများသည် နိုင်ငံခြား သံတမန်များ၊ ခရိုနီကြီးများနှင့် မိတ်‌ဆွေများနှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင် အပေါ် မကျေမနပ် ဖြစ်လာနေမှုများအား ပွင့်ပွင့်လင်းလင်းပင် ထုတ်‌ပြောလာကြပြီ ဖြစ်ပြီး ထိုကဲ့သို့ အနေအထားမျိုး ရောက်လာမည်ကို ပြီးခဲ့သည့် ၆ လကျော် ကာလမျိုးက တွေးကြည့်၍ပင် မဖြစ်နိုင်ဟုလည်း ပါရှိခဲ့သည်။

ထိုကဲ့သို့သော အစီရင်ခံစာမျိုးသည် ပြည်ပမှနေ၍ ရေးချင်ရာ ရေးနေခြင်းမျိုး မဟုတ်ဘဲ အနောက်တိုင်း ထောက်လှမ်းရေးအဖွဲ့များ၏ သတင်းများအပေါ် အခြေခံ ပြုစုခြင်းမျိုး ဖြစ်သည်။

အစီရင်ခံစာက အကယ်၍ မင်းအောင်လှိုင် ဖယ်ရှားခံရမည် ဆိုလျှင်ပင် ပြည်တွင်းစစ်သည် ဆုံးခန်းတိုင်သွားဖို့ မရှိဟု ဆိုသည်။ ကျန်ရှိသော စစ်ဗိုလ်ချုပ်များ၏ စိတ်ထဲတွင် လက်ရှိ အနေအထားကို ဆက်၍ ထိုးဖောက်ထွက်နိုင်မှ ဖြစ်မည်ဟူသော siege mentality ဆိုသည့် ရန်သူအဝိုင်းခံ အနေအထား စိတ်မျိုးဖြင့် တော်လှန်နေမှုများကို မဖြစ်မနေ နှိမ်နင်းရမည်ဟု ခံယူထားကြ၍ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ထောက်ခံသော်လည်း ယခင်ကလို စေ့စပ်တောင်းယူစရာ မလိုတော့ဘဲ ၎င်းတို့ ထိန်းချုပ် နယ်မြေများကို မဖြစ်မနေ အသိအမှတ် ပြုလာရအောင် အခိုင်အမာ တိုးချဲ့ တည်ဆောက်နေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024