DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် မင်္ဂလာဆောင်အိမ်ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအများအပြား သေဆုံးဒဏ်ရာရ
DVB
·
June 3, 2024
မင်းကင်းတွင် မင်္ဂလာဆောင်အိမ်ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအများအပြား သေဆုံးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတော-လက်ပံဆိပ်ရွာက မင်္ဂလာဆောင်တခုကို ဇွန် ၃ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတောရွာ ဒေသခံတဦးက “လေယာဉ်နဲ့ ဗုံးကြဲတာက ကျနော်တို့ မတောရွာက မင်္ဂလာဆောင်အိမ်ကို တည့်တည့်ကြဲချခဲ့တာဗျ။ မတော-လက်ပံဆိပ်ရွာလို့ ပြောရတာက မတောရွာနဲ့ လက်ပံဆိပ်လို့ ဒေသတွင်းမှာ တွဲခေါ်မှ သိကြတာမို့ပါဗျ။ ဘာလို့ ဗုံးကြဲခံရတာလဲ ဆိုတော့ ပကဖ ခေါင်းဆောင် မနှင်းဆီရဲ့ မင်္ဂလာဆောင်ဖြစ်လို့ လာကြဲတာနေမယ်၊ သတင်းပေးလည်း ကောင်းလို့ဖြစ်မယ်။ ဗုံးကြဲလို့ သေဆုံးထိခိုက် ရှိတာပေါ့ အစ်ကိုရာ။ မင်္ဂလာဆောင် ထမင်းကျွေးတဲ့နေရာနဲ့ မင်္ဂလာဆောင်အိမ်ကြားကို တည့်တည့်ကျတယ်” လို့ ပြောပါတယ်။

မင်းကင်း ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “သေဆုံးသူတွေလည်း ရှိတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူလည်း ၂၆ ယောက်ကျော်အထိ ရှိတယ်ဗျ။ သေတဲ့အလောင်းကတော့ ကောက်နေဆဲဗျ။ လေယာဉ်ကလည်း အဆက်မပြတ် ပျံဝဲနေတော့ အကုန်မကောက်ရသေးဘူး။ လက်ရှိအချိန် အယောက် ၂၀ အထိ ရှိတယ်။ ကလေးငယ် ၂ ဦးလည်း သေဆုံးတယ်။ နောက်ထပ်လည်း တွေ့နိုင်သေးတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် ကနဦး ရုပ်အလောင်း ၂၀ တွေ့ရှိထားပြီး ဒဏ်ရာရသူ ၂၆ ဦးအထိရှိနေကာ နောက်ထပ်ရုပ်အလောင်းတွေ ထပ်မံရှာဖွေနေဆဲဖြစ်ပါတယ်။

မင်းကင်း PDF တပ်ဖွဲ့ဝင်တဦးက “အခြေအနေက တော်တော်ဆိုးဆိုးဖြစ်သွားပါတယ်ဗျ။ PDF တွေ ပကဖတွေ မပါဘူးဗျ။ မင်္ဂလာဆောင်အခမ်းအနား အပြီးလေးမှာ ပစ်ချ၊ ဗုံးချခံရတာ။ ၈ နာရီ ၁၅ မှာချသွားတာ။ တံတားဦးက တက်ခဲ့တာလား၊ ကနီက တက်လာတာလား မသိဘူးဗျ၊ တောင်ဘက်ကနေပြီးမှ တက်လာတာ။ လေယာဉ်ကို မမြင်လိုက်ရတော့ မသိလိုက်ရဘူးဗျ၊ ခန့်မှန်းကတော့ ဂျက်ဖိုက်တာလို့ ခန့်မှန်းတာလေ။ သေဆုံးသူကတော့ လောလောဆယ် မင်းကင်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတော့ အကုန်အတိအကျမကောက်ရသေးဘူးဗျ။ ရေတွက်ထားတဲ့ အနေအထားအရတော့ ၂၀ တော့ အလောင်းတွေ့နေပြီ"လို့ ပြောပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘဲ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

မတောရွာကာကွယ်ရေးအဖွဲ့ဝင်တဦးက “မကျေနပ်ချက်ပေါ့ဗျာ ပြည်သူတွေ လူထုလူဝေး ဖြစ်နေလို့ ပစ်ခွဲခံရတယ်လို့ ကျနော်တို့ တွက်တာပဲ။ ကျနော် အဲဒီအလောင်းတွေနားကို ရောက်နေပါပြီ။ အကြေအမွတွေ အပြတ်တွေ တွေ့တယ်ဗျ။ ဒဏ်ရာရတာက ဆေးရုံပို့နေပြီဗျ”လို့ ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကတည်းက မင်းကင်းမြို့နယ် PDF တွေက ချင်းတွင်း မြစ်ရိုးတလျှောက် စစ်ကောင်စီရေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီကလည်း ရေလမ်းခရီး အသုံးပြုနိုင်ဖို့အတွက် မြစ်ကမ်းဘေးကျေးရွာတွေကို အကြိမ်ကြိမ် ဝင်ရောက်ပစ်ခတ်မီးရှို့ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

မတောရွာသူတဦးက “ဂျက်ဖိုက်တာနဲ့လာပြီးမှ ပြောကြတာတော့ ပေါင် ၅၀၀ ဗုံးလို့ပြောပါတယ်။ မဏ္ဍပ်ပေါ်တည့်တည့်ကိုကျပြီးမှ ကွဲတာပါ။ သေဆုံးတာကတော့ ဘယ်သူဘယ်ဝါတော့ ခွဲခြားလို့ မရသေးဘူး။ သူတို့ကလေယာဉ်က ပြန်ပြန်ဝဲနေတော့ တိတိကျကျ မစစ်ဆေးရသေးဘူး။ ပြည်သူမှန်း ရန်သူမှန်းကို သူတို့ မခွဲခြားတတ်တော့ဘူးလား။ သူတို့က ပြည်သူတွေကို ရန်သူတွေလို သတ်မှတ်ပြီးလုပ်နေတာလား။ ဒါမျိုး အနိုင်ကျင့်နေတာလား။ မင်းအောင်လှိုင်ကို လူသတ် မသတ်ချင်ဘူး။ (--) သတ်ပဲ သတ်ချင်နေတော့တာ။ အစ်မတို့ဘဝကတော့ ဒါ့ထက် နစ်မွန်းစရာလည်း အစ်မတို့မှာ ရှိတော့မှာမဟုတ်ဘူး။ လူမျိုးတုံးရုံတင်မကဘူး လူမျိုးကို ပြတ်သွားပြီ။ အစ်မတို့ အဲဒီမှာ ကလေးပေါက်စနလေးတွေရော ဘာတွေရော အကုန်လုံး လိုက်နေကြတုန်း။ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကုန်ကြပြီ။ အစ်မတို့လည်း မကပ်ရဲဘူး။  အဲဒီဘက်ကို ပြန်မသွားရဲတော့တာ လေယာဉ်က ပြန်ပြန်ဝဲနေတာ"လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မင်္ဂလာပွဲကိုရောက်နေတဲ့ ဒေသတွင်း NUG တာဝန်ခံတွေအပါအဝင် ပကဖ၊ ပအဖ အဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ ရေးသားနေကြပေမယ့် DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

မတောရွာဟာ အိမ်ခြေ ၁၃၀ ခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ နောက်တကြိမ် တိုက်ခိုက်ခံရမှာကြောက်ပြီး ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ သုံးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စုစုပေါင်းလေကြောင်းတိုက်ခိုက်ခံရမှု ၈၂၄ ကြိမ်အထိ ရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ  ၆၄၃ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၅၅၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013