DVB Logo
Home
မြန်မာသတင်း
အရန်တပ်ဖွဲ့ ဥပဒေအရ  စစ်မှုထမ်းဟောင်းများ စစ်မှုထမ်းရန် သတင်းပို့ရ 
DVB
·
June 3, 2024
အရန်တပ်ဖွဲ့ ဥပဒေအရ  စစ်မှုထမ်းဟောင်းများ စစ်မှုထမ်းရန် သတင်းပို့ရ 
Donate to DVB

အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစားစစ်မှုထမ်းဟောင်းတွေအနေနဲ့ စစ်မှုထမ်းဖို့ ဇွန် ၁ ရက်ကစပြီး တိုင်းစစ်ဌာနချုပ်တွေမှာ သတင်းပို့ရမယ်လို့ စစ်မှုထမ်းဟောင်းတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖွဲ့စည်းပုံအရ တိုင်းစစ်ဌာနချုပ် ၁၄ ခု၊ လက်ရုံးတပ် ၁၄ တပ်နဲ့ လေ့ကျင့်ရေးကျောင်းတွေက အငြိမ်းစားယူသွားတဲ့ အရာရှိစစ်သည်တွေကို ပြန်ခေါ်တာဖြစ်ပြီး ကနဦးအနေနဲ့ တိုင်းစစ်ဌာနချုပ်တွေမှာ လူစုမယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“စစ်မှုထမ်းဟောင်းတွေခေါ်တာ ခြေလျင်၊ ခြေမြန်တခုတည်း မဟုတ်ဘူး။ လက်ရုံးတပ်တွေလည်း ပါတယ်။ သင်တန်းကျောင်းကသူတွေလည်း ပါတယ်။ ပြောရရင် အကုန်ပြန်ခေါ်တာ အသက်အရွယ်လည်း မသတ်မှတ်ထားဘူး။ တချို့ဆို ၆၀ ကျော်တွေတောင် ပါတယ်။ တိုင်းစစ်ဌာနချုပ်အလိုက် သတင်းပို့ရမှာ။”

ဒီလိုပြန်လည်ခေါ်ယူရာမှာ တပ်က အငြိမ်းစားယူပြီး အရပ်ဘက်ဌာနဆိုင်ရာမှာ ရာထူးကြီး ရထားသူတွေအနေနဲ့ စစ်မှုမထမ်းရရေးအတွက် ငွေကြေးပေးဆောင်သူတွေလည်း ရှိတယ်လို့ တပ်မိသားစုဝင်တဦးက  ပြောပါတယ်။

“အရပ်ဘက် ရောက်သွားတဲ့သူတွေက တပ်ထဲပြန်မသွားဘူး။ ဌာနဆိုင်ရာမှာ ရာထူးကြီးကြီး ရထားတဲ့သူက မသွားဘူး။ အဲဒီအတွက် လူကြီးတွေလိုက်ပြီး ကန်တော့ကြတယ်။ တပ်ကထွက်ပြီး အဆင်မပြေတဲ့သူတွေကျရင် ဖိအားနဲ့ အတင်းစစ်မှုထမ်းခိုင်းတယ်။”

စစ်ကောင်စီတပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်သူတချို့ဟာ မူလရာထူးနဲ့  မူလတာဝန်တွေမှာ လာဘ်ငွေရပေါက်ရလမ်းရှိတဲ့နေရာတွေဖြစ်တာကြောင့်  ပြန်ပြီး တာဝန်ထမ်းဆောင်သူတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့  အရာရှိတဦးက ပြောပါတယ်။

“တချို့က လုပ်သက်ပြည့်နဲ့ အငြိမ်းစားရသွားတယ်။ သူနေရာက စစ်တိုက်ရတာမရှိဘူး။ ပိုက်ဆံအရမ်းရတဲ့ နေရာမျိုးဆိုတော့ ပြန်ဝင်တာပေါ့။ တိုင်းပြည်ကို ကာကွယ်ချင်လို့တော့ မဟုတ်ဘူး  ၅ နှစ်မှာ ရသလောက်ရှာမယ့်ဆိုတဲ့ စိတ်နဲ့။”

အငြိမ်းစားစစ်မှုထမ်းဟောင်းအနေနဲ့ မေ ၂၅ ရက်က စတင်ကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး စတဲ့ တိုင်းစစ်ဌာနချုပ်မှာ ကနဦးသတင်းပို့ရတာလို့ စစ်မှုထမ်းဟောင်းတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့အား (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ဥက္ကဋ္ဌ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း) ကို  ဒုက္ကဋ္ဌ အဖြစ်ထားကာ အဖွဲ့ဝင် ၈ ဦးနဲ့  ဖွဲ့စည်းခဲ့ပါတယ်။

စစ်မှုထမ်းဟောင်းတဦးဟာ စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခံရရင် သတင်းပို့ရမှာဖြစ်ပြီး သတင်းမပို့ဘဲ ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရမယ်လို့ အရန်တပ်ဖွဲ့ဥပဒေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013