
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေမှာ သင်္ကြန်ကာလ မြို့၊ ရွာတွေကို ကားတွေနဲ့ လှည့်ပတ် ရေကစားတာ၊ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ အပါအဝင် စည်းကမ်းချက် ၆ ချက်ပါတဲ့ ထုတ်ပြန်ချက်တခုကို ဧပြီ ၈ ရက်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေထဲမှာ ကားတွေမှာ လူအများအပြား စီးနင်းလိုက်ပါပြီး မြို့ပေါ်တွေမှာ လှည့်ပတ်တာ၊ ရေကစားတာတွေ တားမြစ်ထားသလို၊ တမြို့နဲ့ တမြို့ တရွာနဲ့ တရွာ ကားတွေနဲ့ ကခုန်လှည့်ပတ် ရေကစားတာတွေကိုလည်း တားမြစ်ထားပါတယ်။
ဒ့ါအပြင် လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစားတွေ မပြုလုပ်ရသလို၊ လူစုလူဝေးဖြစ်စေတဲ့ ရှိုးပွဲတွေကိုလည်း ကျင်းပတာတွေ မပြုလုပ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာတွေ အလှူအတန်း ပြုလုပ်တာတွေကို လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ ပြည်သူ့လုံခြုံရေးကို ဦးစာပေးလိုက်နာပြီး မြို့၊ ရွာတွေမှာ ဆောင်းဘောက်တွေကို ဆူညံစွာမဖွင့်ဖို့နဲ့ လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတဲ့ လုပ်ရပ်တွေကို မပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် တသဝေမတိမ်း လိုက်နာကြရမှာဖြစ်ပြီး ပြည်သူတွေကိုလည်း အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းပြမှုတွေ၊ မေတ္တာရပ်ခံမှုတွေနဲ့ အခြေအနေ အရပ်ရပ်ကို ထောက်ရှုပြီးတော့ သည်းခံ စိတ်ရှည်မှုနဲ့အတူ ရှင်းပြပေးရမယ်လို့လည်း ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ် ပြုလုပ်နေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ထုတ်ပြန်ချက် စည်ကမ်းတွေကို လိုက်နာကြရမှာလို့ မြောက်ဦးမြို့က လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“ရခိုင်ပြည်ရဲ့ အခြေအနေက နေ့တိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို အစိုးရရဲ့ စည်းကမ်းထုတ်ပြန်ချက်တွေကို မဖြစ်မနေ လိုက်နာကြရမှာဖြစ်တယ်။ ဒီစည်းကမ်းချက်တွေက ပြည်သူတွေရဲ့ အသက်နဲ့ စည်းစိမ်းတွေကို ကာကွယ်နိုင်ဖို့ အစိုးရတရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြုလုပ်တာတွေကိုလည်း ကြိုဆိုရမှာဖြစ်တယ်။”
ရခိုင်ပြည်နယ်က မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်း ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။
ဧပြီ ၈ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။











