DVB Logo
Home
မြန်မာသတင်း
အောင်သမာဓိ၊ ဇွဲထက်နှင့် ဝိန့်စိန်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီး၊ စစ်ဆေး၊ ဖမ်းဝရမ်းထုတ်
DVB
·
June 3, 2024
အောင်သမာဓိ၊ ဇွဲထက်နှင့် ဝိန့်စိန်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီး၊ စစ်ဆေး၊ ဖမ်းဝရမ်းထုတ်
Donate to DVB

ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရွှေဆိုင်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးအရေးယူနေပြီး  အောင်သမာဓိ၊ ဇွဲထက်နဲ့ ဝိန့်စိန်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၇ ဦးနဲ့ ပွဲစား ၃ ဦးကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ စစ်ကောင်စီက ဇွန် ၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်ထဲရေးပေါင်းကာ ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်ပိုင်ရှင်တွေ ရွှေလုပ်ငန်းလုပ်သူတွေနဲ့ ပွဲစားစုစုပေါင်း အယောက်  ၅၀ ကို မေလ ၃၁ ရက်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ၁၀ ဦး ထွက်ပြေးသွားတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ရန်ကုန်က ၃၀ မန္တလေးက ၂၀ ကို ထောက်လှမ်းရေး စရဖ SB အဖွဲ့တွေက ဖမ်းပြီး နေရာခွဲစစ်တာ ရန်ကုန်က ရွှေဆိုင်ပိုင်ရှင်နဲ့ ပွဲစားတွေကို စစ်ဆေးရေးအဖွဲ့ထဲကပဲ ဖုန်းဆက်အကြောင်းကြားလို့ လွှတ်သွားတာ။”

ဖမ်းဆီးခံရတဲ့သူထဲမှ မန္တလေးမှ ရွှေဆိုင်ပိုင်ရှင်၊ ရွှေအရည်ကျိုလုပ်ငန်းနဲ့ပွဲစား အယောက် ၂၀ ကို နန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးနေပါတယ်။

ရန်ကုန်မှ ဖမ်းဆီးခံရသူ အယောက် ၃၀ ကိုတော့ ရန်ကုန်တိုင်းစစ်ကြောရေးမှာ စစ်ဆေးပြီးနောက်  ရွှေစျေးနှုန်း မတည်ငြိမ်အောင် စျေးကစားသူတွေကို သိရှိခဲ့တာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"အောင်သမာဓိ၊ ဇွဲထက်နဲ့ ဝိန့်စိန်တို့ကို သိတဲ့အခါကျတော့ လူတွေကမရှိတော့ဘူး ထွက်ပြေးကုန်ပြီ ၂၁ ဦးကို ဆက်ပြီးစစ်တယ်။ ထွက်ပြေးတဲ့ ၁၀ ဦးကို ကနဦး ဖမ်းဝရမ်းထုတ်ထားတယ် "လို့ ပြောပါတယ်။

ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေတဲ့ တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေတဲ့ ပွဲစားတွေအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးကို ဖော်ထုတ် ဖမ်းဆီး စစ်ဆေးနေတယ်လို့  ဇွန် ၂ ရက်ညမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အောင်သမာဓိရွှေဆိုင် ပိုင်ရှင်ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွ ရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူနဲ့  ပွဲစားတွေဖြစ်တဲ့  ဦးကျော်ဝင်း (ခ)ပန်းသီး၊ ဦးညီညီဦး (ခ)ချက်ကြီး၊ ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်တို့မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

လတ်တလောမှာ ရန်ကုန်နဲ့ မန္တလေးက ဖမ်းဆီးထားတဲ့ရွှေဆိုင်၊ရွှေအရည်ကျိုလုပ်ငန်းနဲ့ပွဲစား အယောက် ၅၀ ကို ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ စစ်ကောင်စီက စစ်ဆေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာပြည်တွင်းမှာ အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013